Home
မြန်မာသတင်း
အရည်အသွေးမပြည့်မီသည့် ဇလွန်မြို့ဆောက်လက်စဆေးရုံ အသစ်ပြန်ဆောက်ရန် ညွှန်ကြား
DVB
·
May 19, 2018
ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ တည်ဆောက်နေတဲ့ ၄ ခန်းတွဲ ၄ ထပ် ဆေးရုံ အဆောက်အဦကို အရည်အသွေး မပြည့်မီဘဲ ဆောက်လုပ်နေတာကြောင့် တည်ဆောက်ပြီးစီးတဲ့ လုပ်ငန်းတွေကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်ဖို့ ဆောင်းဟေမာန်ကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။ ဓာတ်ခွဲခန်းတွေနဲ့ ဝန်ထမ်းတွေနေထိုင်ဖို့ အခန်းတွေပါဝင်မယ့် ဆေးရုံ အဆောက်အဦ တည်ဆောက်တာကို ဇလွန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ မြို့မိမြို့ဖတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ အောက်ခံဖောင်ဒေးရှင်းကအစ အရည်အသွေး ပြည့်မီခြင်းမရှိတာကို မျက်မြင်နဲ့ပဲ တွေ့ရှိခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြတိုင်ကြားခဲ့တယ်လို့ ဇလွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ အဲဒီနောက်မှာတော့ အဆောက်အဦးအထူးအဖွဲ့ ၁၅ နဲ့ Thirt party တွေက သွားရောက်စစ်ဆေးခဲ့တာမှာတော့ မမှားသင့်တဲ့အမှားတွေကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် တည်ဆောက်ပြီးစီးတဲ့ လုပ်ငန်းတွေကို ဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ တာဝန်ယူတည်ဆောက်နေတဲ့ ဆောင်းဟေမာန်ကုမ္ပဏီကို ညွှန်ကြားရတာလို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး ကပြောပါတယ်။ “တိုင်အထက်အောက် ဆက်စပ်ရာမှာ ကြားခံသဲတစ်လွှာဝင်နေတာက မဖြစ်သင့်တဲ့ အမှားမျိုးဖြစ်တယ်။ ဒီလိုအမှားမျိုးဟာ ကြီးကြပ်မှုမရှိဘဲ လုပ်ငန်းဆောင်ရွက်နေတာကြောင့် ဖြစ်တယ်။ အဓိကအလေးဝန်ကိုထမ်းမယ့် တိုင်တွေမှာ အားနည်းချက် (ဆက်စပ်မှု) လွဲချော်နေတာကြောင့် မူလလျာထားတဲ့ ၄ ထပ်အမြင့်ကို အလေးဝန်မခံနိုင်တော့ဘူး။ ကုမ္ပဏီပိုင်ရှင်နဲ့ပဲဆိုင်တယ်။ စည်းကမ်းပိုင်းတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးဖို့လိုတယ်။ ကြပ်ကြပ်မတ်မတ်ထိထိမိမိ အရေးယူဖို့လည်းလိုတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းအင်ဂျင်နီယာ ဦးကြည်စွမ်းက ပြောပါတယ် ဇလွန်မြို့ဆေးရုံ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် က ပြည်ထောင်စုဘတ်ဂျက်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်းဟေမာန်ကုမ္ပဏီကို ကျပ် ၅၃၃.၅ သန်းဖြင့် တည်ဆောက်ခွင့်ပြုခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလက စတင်တည်ဆောက်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ပုသိမ်မြို့မှာ တည်ဆောက်နေတဲ့ ကိုးထပ်ပြည်သူ့ ဆေးရုံ ညောင်တုန်းမြို့မှာ တည်ဆောက်နေတဲ့ ညောင်တုန်းပြည်သူ့ဆေးရုံ တွေဟာလည်း အရည်အသွေးမပြည့်မီတာကြောင့် တည်ဆောက်နေဆဲ ရပ်ဆိုင်းထားဖို့ ညွန်ကြားခံထားရပြီးနောက် ဇလွန်မြို့ဆေးရုံအဆောက်အဦးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အခုလို ညွန်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ မြမင်ဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024