မြင်းခြံမြို့နယ် ကျေးရာများတွင် သွားနှင့်ခံတွင်း ကွင်းဆင်းကုသပေးနေ
DVB
·
May 19, 2018
ကျန်းမာရေးဦးစီးဌာနက မြင်းခြံမြို့နယ်ရှိ ကျေးရွာတွေကို သွားရောက်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေး ကွင်းဆင်းကုသပေးနေပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်များအသင်း (မြင်းခြံ) တို့ ပူးပေါင်းပြီး မေ ၁၈ ရက်နေ့က မြင်းခြံမြို့နယ်ရှိ နယ်ခြားကျေးရွာမှာ ပညာပေးအစီအစဉ်နဲ့အတူ ကုသပေးနေတာပါ။
မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဦးစီးအရာရှိ သွား / ကျန်းမာ) မှ ဒေါက်တာမျိုးဇော်ခန့်က "ကျနော်တို့ ခရိုင်ကျန်းမာရေးအနေနဲ့ ခုလိုမျိုး ကျေးရွာတွေကို ကွင်းဆင်းကုသပေးတာ ဒါက ပထမဆုံး အကြိမ်ဖြစ်ပါတယ်၊ သွားနဲ့ ခံတွင်းရောဂါတွေက ကျေးရွာတွေမှာ ပိုပြီးအဖြစ်များကြတယ်။ ခုလိုကွင်းဆင်းပြီး ကုသပေးတဲ့အခါ ပြည်သူတွေ သိအောင်လို့ ပညာပေးဟောပြောပွဲ အစီအစဉ်တွေပါ ဟောပြောပေးတယ်။ သွား နဲ့ ခံတွင်းမှ မဟုတ်ပါဘူး၊ ကျေးရွာတွေမှာတော့ အခြား ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အမြဲလိုအပ်နေတာပါ၊ ကျနော်တို့ သွား/ကျန်းမာ အနေနဲ့က တစ်လ ၁ ကြိမ် မြင်းခြံမြို့နယ်ရှိ ကျေးရွာတွေကို သွားရောက်ကုသပေးဖို့ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
နယ်ခြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအေးက "ကျနော်တို့ကျေးရွာကို ခုလိုလာပြီး ကုသပေးတာ ပထမဆုံးအကြိမ်ပါ။ ပြီးတော့ ရွာမှာ သက်ကြီး ရွယ်အိုတွေ အများကြီး ရောဂါခံစားနေရတာတွေ ရှိပါတယ်။ တချို့က မြို့ကိုသွားပြီး ဆေးကုသမှု မခံယူနိုင်ဘူး၊ ပြီးတော့ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာတဲ့သူတွေ အများကြီးရှိကြတယ်။ ရွာမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးပါရှိတယ်။ ဟိုအရင်က ရွာမှာ ဆေးခန်းရှိတယ်၊ ခုနောက်ပိုင်း ဆေးခန်းရော ဆရာမပါ မရှိတော့ဘူး။ ပြီးတော့ ကျေးရွာတွေကို အထွေထွေရောဂါကုသတဲ့ ဆရာဝန်တွေပါ ကွင်းဆင်းကုသပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်များအသင်း (မြင်းခြံ) မှ ကွင်းဆင်းကုသရေးခရီးစဉ်အဖြစ် ကုသပေးနေရာ သွားနဲ့ခံတွင်း လူနာ ၁၂၀၀၀ ကျော်လောက် ကုသပေးခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာဖြစ်ပွားမှု များသောကြောင့် လူ ၁၀၀ မှာ ၁၁ ယောက် နှုန်း သေဆုံးမှု ဖြစ်နေပြီး၊ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ခံတွင်းကင်ဆာကြောင့် သေဆုံးမှုနှုန်း အဆင့် ၄ မှာ ရပ်တည်နေတယ်လို့ မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်များအသင်းက သိရပါတယ်။
သတင်း ရီရီထွန်း ( မြင်းခြံ )