Home
အနုပညာ
နောက်ဆက်တွဲပြဿနာတွေ ညှိလို့မရတဲ့အတွက် လမ်းခွဲလိုက်ရတာ - နဒီဝင့်နိုင်
DVB
·
May 19, 2018
အနုပညာလောကမှာ ဖြည်းဖြည်းမှန်မှန်နဲ့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ သရုပ်ဆောင်၊ အဆိုတော် နဒီဝင့်နိုင်က သူမရဲ့ချစ်သူနဲ့ မကြာသေးခင်အချိန်ကမှ ပြဿနာတချို့ ညှိလို့မရတဲ့အတွက် လမ်းခွဲလိုက်ရတာပါလို့ ပြောပြလာတာ ဖြစ်ပါတယ်။ နဒီဝင့်နိုင်အနေနဲ့ သူမရဲ့ချစ်သူနဲ့ သင်္ကြန်အပြီးမှာ လက်ထပ်မှာဖြစ်တဲ့အကြောင်းကို မီဒီယာများနဲ့ သူမရဲ့ပရိသတ်တွေကို အကယ်ဒမီပေးပွဲမတိုင်ခင်မှာ တရားဝင် ပြောပြထားတာ ဖြစ်ပါတယ်။ နဒီဝင့်နိုင်က “ကံတရားနဲ့ပဲ သက်ဆိုင်ပါတယ်။ အားလုံးကို အတိအလင်းကို ကြော်ငြာထားတာပါ။ ကြော်ငြာထားပြီးမှ ပျက်သွားတာဆိုတော့ ဘာမှ မတတ်နိုင်ပါဘူး။ အဲဒါကြောင့် လမ်းခွဲလိုက်တာပါ။ ညီမတို့ချစ်သူသက်တမ်းက အရမ်းမကြာသေးတဲ့ အချိန်မှာပဲ လက်ထပ်ဖို့ကို ဆုံးဖြတ်ခဲ့ကြတာပါ။ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ များတယ်ပေါ့။ ညှိလို့မရဘူးပေါ့။ နောက်ဆုံး လမ်းခွဲဖြစ်သွားတယ်။ အဲဒီအတွက် အခုကတော့ တယောက်တည်း ပြန်ဖြစ်သွားပါပြီ။ အနုပညာအလုပ်တွေကို အရင်ကထက် ပိုကြိုးစားလုပ်သွားပါ့မယ်။ ညီမ နာမည်တော့ ထွက်သွားတာပေါ့။ သူ့ကိုတော့ ဘယ်သူမှ မသိလိုက်ဘူးလေ။ ဘယ်လိုဖြစ်ဖြစ် မိန်းကလေးတွေက ချစ်သူရည်းစားထားပြီဆိုကတည်းက အတည်ပဲ ထားကြတယ်။ အဲဒီတော့ ညီမကိုယ်တိုင်လည်း အတည်ဆိုပြီး အားလုံးကိုတောင် တရားဝင်ပြောပြခဲ့တာပါ” လို့ ပြောပါတယ်။ ဆက်လက်ပြီး သူမက တယောက်နဲ့တယောက် တွေ့ဆုံဖြစ်တာ ရေစက်ရှိလို့ဆုံခဲ့ပြီး၊ ရေစက်ကုန်သွားခဲ့ရင် ဘာမှမတတ်နိုင်တော့ဘူးလို့ ပြောပါတယ်။ “သူ့ကို မကောင်းပါဘူးလို့လည်း ညီမ မပြောချင်ပါဘူး။ ညီမကိုယ်တိုင်လည်း အရမ်းကောင်းတဲ့အထဲမှာ မပါခဲ့ဘူး။ တယောက်နဲ့ တယောက် ဆုံတွေ့တယ်ဆိုတာ ဘယ်လို အကြောင်းရှိရှိ ရေစက်ရှိလို့ ဆုံခဲ့ကြတယ်။ ရေစက်ကုန်သွားတော့လည်း ဘာမှကိုမတတ်နိုင်ပါဘူး။ အချိန်တွေကြာပြီးမှ မယူဖြစ်ကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ပရိသတ်တွေကတော့ အားပေးပါတယ်။” သရုပ်ဆောင်၊ အဆိုတော် နဒီဝင့်နိုင်အနေနဲ့ လတ်တလောမှာ မကြာခင်ထွက်ရှိမယ့် အတွဲသီချင်းခွေအတွက် အမ်တီဗွီ ရိုက်ကူးနေကာ၊ တကိုယ်တော်တေးစီးရီးအခွေ ထွက်ရှိဖို့ကိုလည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024