Home
မြန်မာသတင်း
အင်ဂျန်းယန်ဒေသရှိ ပိတ်မိပြည်သူများကို ပြည်နယ်အစိုးရက ဦးဆောင်ကယ်ထုတ်မည်
DVB
·
May 18, 2018
ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် အင်ဂျန်းယန်မြို့နယ်မှာလည်း ပိတ်မိပြည်သူတွေ ရှိနေပြီး သူတို့ကို ကချင်ပြည်နယ်အစိုးရက ဦးဆောင် သွားရောက်ကယ်ထုတ်ဖို့ လုပ်ငန်းစဉ်တွေကို မေ ၁၉ ရက်မှာ  စတင်တော့မယ်လို့ သိရပါတယ်။ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေနဲ့ မြစ်ကြီးနား ခရစ်ယာန်ကောင်စီတို့ ပူးပေါင်းကာ မနက်ဖြန်မှာပဲ အင်ဂျန်းယန်မြို့နယ်ကို သွားရောက်မှာ ဖြစ်ပြီး ကနဦးအနေနဲ့ အခြေအနေသာသွားရောက်စုံစမ်းဦးမယ်လို့ အင်ဂျန်းယန်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က ဒီဗွီဘီကို ပြောပါတယ်။ “အဲ့ဒီဘက်မှာက လူနေအိမ်တွေမှာ တပ်မတော်က ဝင်နေတာတွေ ကြားတယ်။ ဆေးရုံတွေ၊ ကျောင်းတွေမှာရောပဲ။ ဘယ်သူမှလည်း အင်ဂျန်းယန်ကို ဝင်လို့မရသလို အင်ဂျန်းယန်ကနေလည်း ဘယ်သူမှ ထွက်မရတဲ့ အခြေအနေ ဖြစ်နေတယ်” အင်ဂျန်းယန်မှာ  ပိတ်မိပြည်သူ ၆၀၀ လောက်ရှိပြီး ပြည်နယ်အစိုးရ ဦးဆောင်တဲ့ မြေပြင်အခြေအနေ သွားကြည့်မယ့် ခရီးစဉ်ကို ကချင်လူငယ်တွေလည်း လိုက်ပါခွင့်ပေးထားတယ်လို့ ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီက တာဝန်ခံ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ “အင်ဂျန်းယန်ကနေ ထွက်ချင်နေတဲ့လူတွေ ရှိတယ်လို့ အကြောင်းကြားထားတာ ရှိပါတယ်။ လောလောဆယ်တော့ မြေပြင်အခြေအနေ သွားကြည့်မယ်လို့ပဲ သိထားပါသေးတယ်။ အဲဒီကနေ ထွက်ခွာချင်တဲ့သူတွေကို ဘယ်လိုလုပ်ပေးမယ် ဆိုတာတော့ မသိရသေးပါဘူး”လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ အင်ဂျန်းယန်မြို့ပေါ်မှာ  တပ်မတော်က နေရာယူထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ သတင်း - ရဲမွန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024