Sunday, May 28, 2023
HomeLead Storyမူဆယ် ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

မူဆယ် ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်၊ မူဆယ်မြို့နဲ့ အနီးတဝိုက်မှာ မေလ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း ဒဏ်ရာရသူ ၂ ဦး နောက်ထပ် သေဆုံးသွားတဲ့အတွက် သေဆုံးသူစုစုပေါင်း ၂၁ ဦးထိရှိလာပြီလို့ သိရပါတယ်။

မေလ ၁၂ ရက်နေ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၂၆ ဦးအနက် မန္တလေးတိုင်းမှာ နေထိုင်တဲ့ ယာဉ်မောင်း ဦးအောင်စိုးဟာ စိုးရိမ်ဖွယ်ရာ ဒဏ်ရာအပြင်းအထန် ရရှိပြီး မန္တလေးပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသရာ မေလ ၁၃ ရက်မှာ  သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးစိုင်းယီလှိုင်းဟာလည်း ပြင်းထန်ဒဏ်ရာရပြီး မူဆယ်ဆေးရုံကနေတဆင့် တရုတ်ပြည် မန်စီမြို့မှာ သွားရောက် ခွဲစိပ်ကုသခဲ့ပေမယ့် မသက်သာလို့ နမ့်ခမ်းမြို့ရှိနေအိမ်ကို ပြန်ခေါ်လာရာမှာ မေ ၁၆ ရက် မနက်က သေဆုံးသွားတယ်လို့  မိသားစုဝင် မနန်းလောဝ်က ပြောပါတယ်။

ဦးစိုင်းယီလှိုင်းရဲ့ ဒဏ်ရာဟာ လက်ဖြောင့်(Sniper)ကျည် ထိမှန်ခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပြီး အဆိုပါပစ်ခတ်မှုကို ဥပဒေ ပုဒ်မ ၃၀၂/၃၀၇/ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့  မူဆယ်မြို့မ ရဲစခန်းက ဒုရဲမှူးအေးမြင့်က ပြောပါတယ်။

မူဆယ်ပြည်သူ့ဆေးရုံမှာ စိုးရိမ်ဒဏ်ရာရတဲ့ လူနာ ၅ ဦးကိုလည်း မန္တလေး ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသပေးနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ပန်ခမ်းကျေးရွာအုပ်စု၊ နောင်ရမ်းကူးတို့ဆိပ်ရှိ ပန်းဆေး(ဌာနေ) ပြည်သူ့စစ်ရဲ့ ကင်းစခန်း၊ မူဆယ်-နမ့်ခမ်း နမ့်ပေါ် တံတားထိပ်ရှိ မြို့လုံခြုံရေး ရဲကင်း၊ ပြည်သူ့စစ်ကင်းစခန်းနဲ့ လောင်းကစားရုံတို့ကို မေလ ၁၂ ရက်မှာ တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ တရုတ်နိုင်ငံသား နှစ်ဦး သေဆုံးသွားပြီး နယ်စပ်နေ မြန်မာနိုင်ငံသား ၃၀၀ ကျော်ဟာ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular