Home
မြန်မာသတင်း
ဖာပွန်ခရိုင်အတွင်း လမ်းပြင်နေမှု ယာယီရပ်ဆိုင်းပေးမည်ဟု တပ်မတော် ကြေညာ
DVB
·
May 18, 2018
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ  ခေးပူ-လွယ်မူပလော လမ်းကြောင်း ပြုပြင်ဆောင်ရွက်နေတာကို  ယာယီရပ်ဆိုင်းပေးထားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ မေ ၁၇ ရက် ညနေပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးပြီးနောက်  သဘောတူညီမှု ရခဲ့တာပါ။ တွေ့ဆုံစဉ်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေ ဆွေးနွေးကြပြီး ကေအန်ယူဘက်က စိုးရိမ်ပူပန်မှုနေတဲ့  ခေးပူ-လွယ်မူပလော လမ်းကြောင်း ပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်က နားလည်မှုရှိစွာ ယာယီရပ်ဆိုင်းပေးထားမယ်၊ အဆိုပါဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်တယ်လို့ ဆွေးနွေးသဘောတူညီမှု ရရှိခဲ့တဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)တို့ တက်ရောက်ကြပါတယ်။ ကရင်အမျိုးသားအစည်းအရုံးဘက်ကတော့  ဥက္ကဋ္ဌစောမူတူးစေးဖိုးနဲ့အတူ ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းနဲ့ အဖွဲ့ဝင်တွေ တက်ရောက်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြတယ်လို့ သိရပါတယ်။ ဖာပွန်ခရိုင်ထဲမှာ လမ်းဖောက်လုပ်ဖို့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တပ်မတော်က အင်အားအလုံးအရင်းနဲ့ တိုးချဲ့ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်အေ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတာပါ။ ခုလိုဒေသတွင်းမှာ စစ်အင်အားတိုးချဲ့တာဟာ တပ်မတော်အနေနဲ့ အန်စီအေ အပစ်ရပ် စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ဘက်က ကြေညာချက်ထုတ်ပြန်ပြီး အပြင်းအထန် ကန့်ကွက်ထားပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024