Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု ရုံးထုတ်စစ်ဆေး
DVB
·
May 17, 2018
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုမှာ တရားလိုဘက်က မမှန်မကန်သက်သေခံခဲ့တာနဲ့ပတ်သက်ပြီး အရေးမယူဘူးလို့ မဟာအောင်မြေမြို့နယ် တရားရုံးက တရားသူကြီးက ဒီကနေ့ အမိန့်ချပါတယ်။
တရားလိုဖြစ်တဲ့ ဦးကျော်မျိုးရွှေက သက်သေခံအဖြစ်တင်သွင်းထားတဲ့ လက်ကိုင် ဖုန်းထဲမှာ ဘယ်လိုသက်သေခံပုံမှ မပါရှိတဲ့အတွက် သက်သေခံဖုန်းကို တရားရုံးက ပယ်ချခဲ့တဲ့အပြင် ကိုဆွေဝင်းကလည်း မမှန်မကန်သက်သေခံမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ နဲ့ တရားသူကြီး ထံလျှောက်ထားခဲ့တာပါ။
ဒီလျောက်ထားချက်နဲ့ ပတ်သက်လို့ တရားသူကြီးကပယ်ချလိုက်တာဖြစ်ပါတယ်။ ကိုဆွေဝင်းရဲ့ ရှေနေဖြစ်သူကတော့ ဒီလိုဖြစ်စဉ်ကို အရေးယူတာအတော်ရှားတယ်လို့ ပြောပါတယ်။
တရားလို ကိုကျော်မျိုးရွှေကတော့ “ကိုဆွေဝင်းအနေနဲ့ အကျိုးအမြတ်မျှော်ကိုးပြီး ဆရာတော်ဦးဝီရသူကို တိုက်ခိုက်တာဖြစ်တယ်”လို့ ဒီနေ့ ရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။
၂၀၁၇ ဇူလိုင်လကုန်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ ကိုဆွေဝင်းကို ဖမ်းဆီးခဲ့ပြီး မန္တလေးမြို့ မဟာအောင်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတာပါ။ လာမယ့် ရုံးချိန်းကို တော့ မေလ ၃၁ ရက်နေ့ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။