ချမ်းမြသာစည် မြို့သစ်(၂)ရပ်ကွက် အရန်မီးသတ်စခန်းကို မီးသတ်ကားလှူဒါန်း (ဓာတ်ပုံ)
DVB
·
May 17, 2018
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက် အရန်မီးသတ်စခန်းကို မီးဘေးလုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ဂျပန်နိုင်ငံထုတ် ကျပ်သိန်း ၂၈၀ ကျော် တန်ဖိုးရှိ မီးသတ်ယာဉ်တစီးကို မေ ၁၅ ရက် ညနေက ပေးအပ်လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းပွဲ အခမ်းအနားကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တက်ရောက်ပြီး မီးသတ်ယာဉ် အလှူရှင် ဦးအောင်သောင်း+ဒေါ်စန်းစန်းနွယ် မိသားစုကို ကျေးဇူးတင်ကြောင်းနဲ့ မြို့နယ် ရပ်ကွက်တွေမှာ မီးသတ်ယာဉ်မလုံလောက်မှုတွေနဲ့ မီးသတ်ရဲဘော်အင်အားတွေ နည်းပါးမှုတွေ ရှိနေတာကြောင့် အခုလိုပြည်သူလူထုကနေ ပံ့ပိုးကူညီမှုတွေရှိတာကို ဝမ်းသာဂုဏ်ယူတယ်လို့ ပြောပါတယ်။
မီးသတ်ယာဉ် ပေးအပ်လှူဒါန်းပွဲကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်း အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ-အောင်အောင်