Home
မြန်မာသတင်း
ထိုးစစ်ဆင် စစ်ပွဲများ ချက်ချင်းရပ်တန့်ရန် အီးယူသံတမန်များ တောင်းဆို
DVB
·
May 16, 2018
  တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ချက်ချင်း ရပ်တန့်ဖို့  မြန်မာနိုင်ငံဆိုင်ရာ အီးယူအဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအဖွဲ့အကြီးအကဲတွေက မြန်မာအစိုးရကို တောင်းဆိုပါတယ်။ မေလ ၁၆ ရက် ရက်စွဲနဲ့ အီးယူသံတမန်အဖွဲ့ရဲ့ ကြေညာချက်မှာ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်တို့မှာ စစ်မက်ဖြစ်ပွားနေတာ တစထက်တစ မြင့်တက်လာနေတာကြောင့် အရပ်သား ၁၀၀၀၀ ကျော်ဟာ  နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။ “ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသရှိ များစွာသော ရပ်ရွာလူထု အသိုင်းအဝိုင်းတို့ဟာ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ကျရောက်နေကြတယ်။ သူတို့ရဲ့ အသက်အိုးအိမ်၊ ပိုင်ဆိုင်မှုနဲ့ သက်မွေးလုပ်ငန်းများပါ ဆုံးရှုံးခဲ့ရတယ်။  တိုက်ခိုက်ရေးအင်အား အလွန်အမင်း သုံးစွဲတာ၊ အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးမရနိုင်အောင် အတားအဆီးများ ရှိနေတာနဲ့ အကူအညီလိုအပ်လျက်ရှိတဲ့ အရပ်ဘက်လူထုအနေနဲ့ လူသားချင်းစာနာမှု အကူအညီများ ချက်ချင်း ရရှိနိုင်ဖို့ ငြင်းပယ်ခြင်း ခံနေရတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရခြင်းဟာ အင်မတန် စိုးရိမ်ဖွယ်ရာဖြစ်တယ်”လို့ အီးယူ ကြေညာချက်က ဆိုပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီတွေ နှောင့်နှေးကြန့်ကြာခြင်းမရှိ၊ လွတ်လပ်စွာ ခွင့်ပြုပေးဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့လည်း အီးယူသံတမန်တွေက တောင်းဆိုပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြားမှာ ညှိနှိုင်းဆွေးနွေးတာ၊ အပြုသဘောဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးတာတွေနဲ့သာ  မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိနိုင်မယ်လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရအနေနဲ့  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့  ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့၊  စစ်မက်ဖြစ်ပွားနေတာတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုအတွက် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆို  ပြစ်ဒဏ်ချမှတ်တာ မပြုလုပ်သင့်ဘူးလို့ အီးယူသံရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024