မြန်မာအစိုးရရဲ့မူဝါဒယန္တရားနဲ့ အာဏာဗဟိုချက်ကို လေ့လာထားတဲ့ MANAGING CHANGE Executive Policy making in Myanmar စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ The Asia Foundation ရုံးခန်းမှာ ဒီကနေ့ ကျင်းပပါတယ်။
အဲဒီစာအုပ်ကို ရေးသားတဲ့ ဒေါက်တာ ဆုမွန်သဇင်အောင်က “မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးကို နိုင်ငံရေးနယ်ပယ်နဲ့ စီးပွားရေးနယ်ပယ် ဘက်ကနေကြည့်ပြီး ပြောထားတဲ့စာအုပ်တွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် အခုလိုမျိုး အစိုးရရဲ့ မူဝါဒယန္တရားနဲ့ အာဏာဗဟိုချက်ကို လေ့လာထားတဲ စာအုပ်မျိုးတော့ သိပ်ပြီး မတွေ့ရသေး တာကြောင့် ဒီစာအုပ်ကိုပြုစုရတာဖြစ်တယ်”လို့ပြောပါတယ်။
နှစ်နှစ်လောက်အချိန်ယူ လေ့လာပြီး ရေးသားပြုစုထားတဲ့ ဒီစာအုပ်ကို ထဲထဲဝင်ဝင်ပြုစုနိုင်ဖို့ အစိုးရဌာနတွေကိုဆက်သွယ်ပြီး သုတေသနပြုရတာ အခတ်ခဲဆုံးပဲ လို့လည်း ပြောပါတယ်။
စာအုပ်ထဲမှာ ခေါင်းဆောင်တွေက ဘယ်သူတွေဖြစ်တယ်၊ ခေါင်းဆောင်အချင်းချင်း ဘယ်လို ချိတ်ဆက်ပြီး လုပ်နေကြတယ်ဆိုတာကို အဓိကထားပြီး ပြုစုရေးသားထားတာ ဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ ၅ နှစ်တာကာလနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့နှစ်နှစ်တာကာလအတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အစိုးရတုန်းကတော့ အာဏာစက်ဝန်းကို ချဲ့ချဲ့ပြီးကစားခဲ့တာတွေ့ရပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကတော့ ချုံ့ချုံ့ပြီးကစားတာတွေ့ရတာ တွေကို ရေးသားထား တာလို့ ဒေါက်တာဆုမွန်သဇင်အောင်ကပြောပါတယ်။
အဆိုပါစာအုပ်ကို အာရှဖောင်ဒေးရှင်းကနေ ထုတ်ဝေပေးထားပြီး လောလောဆယ်တော့ အွန်လိုင်းကနေဘဲ ထုတ်ဝေထားရသေးပါတယ်။
ပုံနှိပ်စာအုပ်အနေနဲ့ကတော့ နှစ်ပတ်လောက်ကြာဦးမှာဖြစ်တဲ့အတွက် မေလ အကုန်လောက်မှာ ဒီစာအုပ်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်ဘာသာနဲ့ ထွက်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အာရှဖောင်ဒေးရှင်းဟာ အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အာရှဒေသက လူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။