Home
မြန်မာသတင်း
ပညာရေးဝန်ထမ်းများကို မိသားစုနှင့်နီးသည့်နေရာရှိကျောင်းတွင်တာဝန်ပေးရန် အဆိုရှုံးနိမ့်   
အောင်ဆန်းဦး
·
May 14, 2018
  ပညာရေးဝန်ထမ်းတွေကို ရာထူးတာဝန်နဲ့ ကိုက်ညီပြီး မိသားစုနဲ့ နီးစပ်တဲ့နေရာတွေက ကျောင်းတွေမှာသာ တာဝန်ပေးဖို့ အဆိုကို  ကိုယ်စားလှယ်အများစုက ကန့်ကွက်လိုက်ပါတယ်။ ဒီကနေ့ မေလ ၁၄ ရက် ပြည်သူ့လွှတ်တော် အစည်းဝေးမှာ ကိုယ်စားလှယ်တဦးက အခြေခံပညာ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကို သူတို့ရဲ့ မိသားစုတွေနဲ့ အနီးစပ်ဆုံးက ရာထူးတာဝန်နဲ့ ကိုက်ညီတဲ့ စာသင်ကျောင်းတွေမှာ ဦးစားပေးတာဝန်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို တင်သွင်းခဲ့ပါတယ်။ အဆိုအပေါ် ထောက်ခံတင်ပြသူတဦးရှိပေမယ့် ကန့်ကွက်သူ ကိုယ်စားလှယ် နှစ်ဦးရှိခဲ့တဲ့အတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၁၈ မဲ၊ ကန့်ကွက်မဲ ၂၂၆ မဲနဲ့ ကြားနေမဲ ၇ မဲ ရရှိခဲ့ပြီး အဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ မရှိဘူးလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။ ပညာရေးစနစ်အဆင့်မြင့်တင်ဖို့နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအပေါ် ထိခိုက် နိုင်တဲ့အပြင် သွားလာရေးခက်ခဲတဲ့ဒေသမှာ နေထိုင်သူတွေရဲ့ ပညာသင်ကြားနိုင်ခွင့်ကိုပါ ဆုံးရှုံးလာစေနိုင်တဲ့အတွက် ကိုယ်စားလှယ်အများစုက ကန့်ကွက်ရတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ဆိုပါတယ်။ အဆိုရှင်ဖြစ်တဲ့ မင်းဘူးမဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းကတော့ ပညာရေးဝန်ထမ်းတွေရဲ့ လိုအပ်ချက်နဲ့ ခံစားနေရတဲ့အခြေအနေတွေကို ကွင်းစင်းလေ့လာပြီး တင်သွင်းတဲ့ အဆိုအပေါ် ကန့်ကွက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေရဲ့ တွေးခေါ်မှုအပေါ် နားမလည်နိုင်ဘူးလို့ ပြောပါတယ်။ အဆိုရှုံးနိမ့်သွားတဲ့အတွက် ပညာရေးဝန်ကြီးနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ပညာရေး ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆိုသွားမယ်လို့လည်း အဆိုရှင်က ပြောပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၆ခု မေးမြန်းဖြေဆိုခဲ့ပြီး၊ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုတစ်ခု၊ ကလေးသူငယ်နဲ့ဆိုင်တဲ့ ဥပဒေကြမ်းတစ်စောင်တင်ကို တင်သွင်းခဲ့ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024