မူဆယ်တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိဟု ကေအိုင်အေ ငြင်းဆို
DVB
·
May 14, 2018
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ မေ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်ကို ကေအိုင်အေက ငြင်းဆိုလိုက်ပါတယ်။
ဒုရဲအုပ်တဦး အပါအဝင် လူ ၂၀ နီးပါး သေဆုံးခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုဟာ တပ်မတော်နဲ့ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ကြားက ကိစ္စ္စရပ်တွေ ဖြစ်ပွားခဲ့တာကြောင့် ကေအိုင်အေအနေနဲ့ ပူးပေါင်းခဲ့တာလည်း မရှိဘူးလို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။
“တီအန်အယ်လ်အေက ထုတ်ပြန်ထားသလိုပါပဲ။ ကျနော်တို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ စွပ်စွဲချက်တခုသာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအပေါ်ကိုတော့ မှတ်ချက်မပေးချင်ပါဘူး”လို့ သူက ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်က ထုတ်ပြန်ချက်မှာတော့ ကေအိုင်အေ၊ တီအန်အယ်လ်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မူဆယ်မြို့နယ် အတွင်းရှိ လုံခြုံရေးဂိတ်စခန်းတွေနဲ့ မြို့တွင်းမှာရှိတဲ့ နေအိမ်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တီအန်အယ်လ်အေဘက်ကတော့ မူဆယ်တိုက်ခိုက်မှုဟာ တပ်မတော် ကျောထောက်နောက်ခံပြုထားတဲ့ ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံကို အဓိက ရည်ရွယ်တိုက်ခိုက်ခဲ့တာလို့ မေ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။
သတင်း - ရဲမွန်