Home
မြန်မာသတင်း
ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်သည့်အပေါ်မကျေနပ်သဖြင့် ယင်းမာပင်နှင့်မုံရွာတွင် ဆန္ဒပြ
Aung Ko Latt
·
May 16, 2018
  စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်တာနဲ့ပတ်သက်လို့ မကျေနပ်လို့ ဒေသခံ ၁၀၀ ကျော်က ယင်းမာပင်မြို့နယ်နဲ့ မုံရွာမြို့နယ်တို့မှာ ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။ ဒီမနက် ၈ နာရီခွဲလောက်မှာ  ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ် ပုသိမ်-မုံရွာ လမ်းဆုံကနေ ချင်းတွင်းတံတားထိ ချီတက်လမ်းလျှောက်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာတော့  မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ကနေ နာရီစင်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတာ၊ ဒေသခံသဘောထားမပါတာ၊ အဆင့်ဆင့်တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်ပေးမှုမရှိတာ၊ တတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို ချိုးဖောက်တာစတာတွေကြောင့် ဆန္ဒပြရတာလို့ ဦးဆောင်သူ ဦးခင်မောင်ထွန်းကပြောပါတယ်။ ဆန္ဒပြပွဲမှာ ဒေသခံတွေက ဥပဒေနဲ့အညီ အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ် ပေးရေး၊ အဂတိလိုက်စားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အရေးယူပေးရေး၊ သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တရားဥပဒေစိုးမိုးရေး အမြန်ဆုံး ဆောင်ရွက်နိုင်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။ တာဝကျေးရွာ အုပ်စုမှာ တာဝ၊ သပြေအေး၊ ချောင်းကောက်ကွက်သစ်၊ ချောင်းကောက်ရွာမ၊ ပန်းမထုံး၊ အင်းသာ စတဲ့ ကျေးရွာ ၆ ရွာနဲ့ စုပေါင်းထားတာဖြစ်ပါတယ်။ အဆိုပါ ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးကို နှစ်ကြိမ်တိုင်ရွေးချယ်ပြီးဖြစ်ပေမယ့် ပွင့်လင်းမြင်သာမှုမရှိလို့ဆိုပြီး ကန့်ကွက်တာဖြစ်ပါတယ်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို မေလ ၄ ရက်နေ့စွဲနဲ့ ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးက စာထွက်ပြီး တရားဝင်ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေကတော့ အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ပေးဖို့သာ လိုလားနေကြ တာပါ။ ဆန္ဒပြလို့ ထူးခြားမလာရင် နောက်ထပ်လုပ်စရာရှိတာ ဆက်လုပ်သွားဦးမယ်လို့ ရွာသားတွေကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024