Live
Home
ဆောင်းပါး
လက်နက်များ အလုပ်ဖြစ်နေသည်
DVB
·
May 15, 2018
စစ်ရေးလေ့ကျင့်ခြင်း၊ စစ်သားများစုဆောင်းခြင်း၊ တပ်များဖော်ထုတ်ခြင်း၊ တိုင်းရင်းသား အခွင့်အရေးအတွက် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့ခြင်း၊ ငွေများရှာဖွေခြင်း၊ ပြည်တွင်းစစ်ဖြစ်ခြင်း၊ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည် ဆိုသော ဆောင်ပုဒ်ဖြင့် ပြည်တွင်း၊ ပြည်ပရန်ကို ကာကွယ်ရန် လက်နက်တပ်ဆင်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း စသည့် လုပ်ဆောင်ချက်များအားလုံး၏ ဦးတည်ချက်သည် တဖွဲ့နှင့် တဖွဲ့ ပြဿနာဖြစ်လျှင် လက်နက်နှင့် ဖြေရှင်းကြခြင်း ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခြင်းသည် တိုက်ပွဲကို လူဖြင့် သီးသန့်တိုက်၍မရ၊ လက်နက်များဖြင့် တိုက်ကြရသည်။ သေနတ်များဖြင့် ပစ်ခတ်ရသည်။ ဒုံးကျည်များဖြင့် ဖြိုခွင်းရသည်။ သို့ဆိုလျှင် ယင်းကဲ့သို့ လုပ်ငန်းစဉ်များအတွက် အလိုအပ်ဆုံး အလုပ်အများဆုံးမှာ လက်နက်များသာ ဖြစ်သည်။ ယခု လက်နက်ကိုင်သူအချင်းချင်း တိုက်ပွဲတွေ ဖြစ်နေကြတော့ လက်နက်များလည်း အလုပ်များလာသည်။ အလုပ်ဖြစ်လာသည်။ အစွယ်ရှိသည့်သတ္တဝါက အစွယ်ကို အားကိုးသည်။ လက်နက်ကိုင်သူက လက်နက်ကို အားကိုးသည်။ ယင်းအကြောင်းတရားကြောင့် လက်နက်ကိုင်သူများ လက်နက်အားကိုးဖြင့် တိုက်ပွဲများ ဖြစ်ကြသည်။ သို့သော် လက်နက်ကိုင်သူများ၏ တည်နေရာကို ကျော်လွန်ပြီး လက်နက်မကိုင်သည့် ပြည်သူများ နေထိုင်ရာသို့ လက်နက်ကိုင်သူများ ရောက်ရှိလာသည်။ ယင်းကဲ့သို့ ရောက်ရှိလာတော့ လက်နက်ကိုင်သူများ ပစ်လိုက်သည့် ကျည်ဆန်များက လက်နက်မကိုင်သူများ၏ နေအိမ်သို့ ထိခိုက်သွားသည်။ နေအိမ်များ ပျက်စီးသွားသည်။ လူခန္ဓာကိုယ်များသို့ ထိခိုက်သွားသည်။ အတုံးအရုံး သေဆုံးသွားသည်။ လက်နက်များ အလုပ်များနေသည်။ လက်နက်များ ရမ်းကားနေသည်။ သို့သော် လက်နက်သည် အမြင့်ဆုံး၊ လက်နက်ကိုင်သူများလည်း အင်အားအရှိဆုံး ဖြစ်ရာ စာရွက်များ ထုတ်ပြန်ချက်သည်လည်း သေနတ်ပြောင်းဝကို မကာကွယ်နိုင်၊ ဆန္ဒပြ အော်ဟစ်သူများလည်း အဖမ်းဆီးခံနေရသည်။ လက်နက်များက အလုပ်ဖြစ်နေဆဲ။ တန်းတူအခွင့်အရေးတောင်းသော ပြည်နယ်တိုင်းတွင် စစ်ပြေးဒုက္ခသည်များကို ကိုယ်စီ ပိုင်ဆိုင်လာကြသည်ဟု ကာတွန်း သရုပ်ဖော်သူ တချို့က ပြက်ရယ်ပြုကြသည်။ သို့သော် လက်နက်ကိုင်သူများက အဆိုပါ သရော်ချက်များကြောင့် သေနတ်ပစ်ခတ်မှုကို မရပ်သေး။ လက်နက်များ အလုပ်ဖြစ်နေသည်။ မေလ ၁၂ ရက်မနက်က တီအန်အယ်လ်အေ အဖွဲ့က ပန်ဆန်းမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ရဲအရာရှိတဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့စစ် ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒေသခံပြည်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြခဲ့သည်။ အဆိုပါပို့စ်တွင် ၎င်းက တောထဲမှာ အထိနာလို့ မြို့ပေါ်တက်ပြီး စစ်ဆင်ရေး လုပ်ရပါတယ်ဆိုတဲ့ တီအန်အယ်လ်အေရဲ့ အကြောင်းပြချက်ဟာ အပြစ်မဲ့ ပြည်သူတွေ သေဆုံး ဒဏ်ရာရရှိမှုနဲ့ယှဉ်ရင် အဓိပ္ပာယ်မရှိပါဘူး။ လက်ခံနိုင်စရာမရှိတဲ့ အကြောင်းပြချက်ပါ။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုမှု မဟုတ်ပါ။ အဖျက်၊ အမှောင့် အကြမ်းဖက်မှု လုပ်ရပ်သာဖြစ်တယ်လို့ ရေးထားတာ တွေ့ရသည်။ ၎င်း၏ပို့စ်အောက်တွင် ထုံးစံအတိုင်း ထောက်ခံသူနှင့် ကန့်ကွက်သူများ ပလူပျံနေသည်။ တချို့ကလည်း တပ်ဘက်က ပြည်သူရှိရာကို ကာဗာယူလို့ အခုလိုဖြစ်ရတာဟု မှတ်ချက်ဝင်ရေးကြသည်။ တချို့ကလည်း တီအန်အယ်လ်အေကို အပြစ်တင်ကြသည်။ သေချာသည်မှာ နှစ်ဖက် ကိုယ်စီ တွန်းအားပေးသူများ အဆင်သင့် ရှိနေခြင်းပင်။ မိမိအားပေးသည့်ဘက်က လုပ်ရပ်သည် အမှန်ဟု ဆိုနေသူများ ရှိနေသမျှလည်း လက်နက်များက အလုပ်ဖြစ်နေကြပါဦးမည်။ ကချင်ပြည်နယ်အတွင်းတွင်လည်း ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ကို မြန်မာတပ်မတော်က ထိုးစစ်အရှိန် မြင့်လာသည့်အတွက် အန်စီအေ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က စစ်ရေးနှင့် နိုင်ငံရေးအရ ကေအိုင်အေကို ဝန်းရံသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သော ရက္ခိုင့်တပ်မတော် အေအေနှင့် မြန်မာ့တပ်မတော်တို့ အကြားတွင်လည်း အိန္ဒိယ-မြန်မာ နယ်စပ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်း၊ ပင်မချောင်းအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်က ၃ ဦး ကျဆုံးခဲ့ပြီး ရခိုင့်တပ်မတော်က ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။ လက်နက်များ အလုပ်များနေကြောင်းကို နေ့စဉ်ရက်ဆက်လို ကြားနေရသည်။ ယခုရက်ပိုင်းတွင် ‘စစ်ပွဲရပ်’ ဆိုသော ဆန္ဒပြသူများ၊ ဆန္ဒပြသည့်အဖွဲ့များ ဆက်တိုက်ဆိုသလို အဖမ်းဆီးခံနေရသည်။ မေလ ၁၂ ရက်နေ့တွင် မူဆယ်တိုက်ပွဲကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး ရန်ကုန်တွင် ‘စစ်ပွဲရပ်’ ရန်အတွက် ဆန္ဒပြသူ ၉ ဦးခန့် အဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ တာမွေအဝိုင်းထိပ် ဆန္ဒပြပွဲတွင် လူ ၈ ဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ဆန္ဒပြပွဲကို ဆန္ဒပြရန် ခွင့်ပြချက် မေလ ၉ ရက်နေ့တွင် တောင်းခဲ့သော်လည်း တာမွေရဲစခန်းမှ ခွင့်မပြုကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့က မေလ ၁၀ ရက်နေ့တွင် အကြောင်းပြန်ခဲ့ကြောင်း သိရသည်။ တာမွေအဝိုင်းထိပ်တွင် တနာရီကြာကြာ ထိုင်ပြီး ဆန္ဒဖော်ထုတ်ပြီး လူစုခွဲနေစဉ်မှာပင် အရပ်ဝတ်များဖြင့် လူများလည်း ဝင်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါဆန္ဒပြပွဲတွင် သတင်းယူသော သတင်းသမားများကိုလည်း အရက်သေစာ သောက်စားထားသည့်ပုံရှိသည့် အရပ်သားတချို့က သတင်းရယူနေသည့် သတင်းသမားများကို (ထိုးကွာ၊ ချကွာ၊ သတ်ပစ်လိုက်၊ ငါ-ိုးမသတင်းသမားတွေ၊ တိုင်းပြည်ဖျက်တွေ) ဆိုပြီး ငြာသံပေးသံများ၊ လုံထိန်းရဲများ၏ နောက်ကွယ်မှ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာသော်လည်း အာဏာပိုင်များက လုံးဝတားဆီးခြင်း၊ သတိပေးခြင်း၊ ဖမ်းဆီးခြင်း လုံးဝမရှိဘဲ လျစ်လျူရှုခဲ့သည်ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် ဆန္ဒပြပွဲကို ဖြိုခွင်းစဉ် ရဲတပ်ဖွဲ့ဝင်တချို့က သတင်းသမားတချို့ကို ဒိုင်းဖြင့်တိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး သတင်းသမားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထပ်မံဖော်ပြထားသည်ကို တွေ့ရသည်။ စစ်ပွဲရပ်ရန် ဆန္ဒပြခြင်းအား ဖမ်းဆီးခြင်းသည်လည်း ဒီမိုကရေစီအစိုးရအား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။ စစ်ပွဲများ ရပ်တန့်ရန်နှင့် ပိတ်မိနေသူ စစ်ဘေးဒုက္ခသည်များ လွတ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ ပြည်နှင့် မြင်းခြံမြို့များတွင် မေလဆန်းပိုင်းမှ စတင်ပြီး ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခြင်း၊ ကဗျာရွတ်ခြင်းနှင့် ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုများတွင် ဦးဆောင်ခဲ့သူများကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ရသူ စုစုပေါင်း ၁၉ ဦးခန့်ရှိနေပြီး ရန်ကုန်မှ ၁၀ ယောက်၊ မန္တလေးမှ ၆ ယောက်၊ မြင်းခြံမှ ၁ ယောက်၊ ပြည်မှ ၁ ယောက် ဖြစ်သည်ဟု မေ ၁၂ The voice သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားသည်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်များပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တချိန်က ပြောခဲ့ဖူးသော စတေးတပ်တခုကို တင်ပြလာကြသည်။ “စစ်ပွဲတွေကို ရပ်ကြဖို့ ကျမတို့ ပြည်သူတွေက မကြာ မကြာ ဝိုင်းပြောပေးဖို့ လိုပါတယ်။ ဒါမှ သူတို့ ကြားကြမှာပေါ့။ တချို့သူတွေက နားနည်းနည်းလေးကြတယ်” ဟု ၁.၁.၂၀၀၇ ခုနှစ်က ပြောခဲ့သော စကားကို ယခုလို “စစ်ပွဲရပ်” အော်သူများ အဖမ်းဆီးခံနေကြရသည့်အခါ လူမှုကွန်ရက်ပေါ်မှာ တင်လာကြသည်။ ဒီမိုကရေစီအစိုးရ လက်ထက်တွင်လည်း လက်နက်များက အလုပ်ဖြစ်နေဆဲ ဆိုသည်ကို ပြည်သူများက မချင့်မရဲ ဖြစ်လာကြသည့်သဘောဟု ယူဆမိသည်။ လက်နက်များ အလုပ်ဖြစ်နေသမျှ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း ဆက်ပြီး လုပ်ကြရဦးမည် ဖြစ်သည်။ ဆွေးနွေးလိုက်၊ ညှိနှိုင်းလိုက်နှင့် လက်နက်ပိုင်ရှင်များ ဖြစ်သည့် နှစ်ဖက်သား လက်နက်ကိုင်များသည်လည်း ပါဝါများ ထပ်တိုးဖွယ် ရှိနေသည်။ ၂၀၀၈ ပြုပြင်ရေး အိပ်မက်သည်ကား မြစ်ကြီးနားဘက်တွင် အသစ်တိုးလာသော ဒုက္ခသည် ၆၀၀၀ ကျော်နှင့်စာလျှင် မှေးမှိန်သွားသလို ရှိနေသည်။ လက်နက်များကတော့ အလုပ်ဖြစ်နေကြဆဲ။ ကျော်လင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024