
Lead Story သတင်း အနုပညာ နိုင်ငံတကာ ရုပ်သံ
စာအုပ်တအုပ်ကြောင့် ပြောင်းလဲသွားသည့် အမျိုးသမီးကြီး ၄ ဦးအကြောင်း ရုပ်ရှင်-Bookclub (နမူနာ)
Email This Story :
ဘဝမှာ စာအုပ်တအုပ်ကြောင့် အရာရာ ပြောင်းလဲသွားရတယ်ဆိုရင် လက်ခံနိုင်ပါသလား။ ဒီရုပ်ရှင်ကားထဲမှာတော့ စာအုပ်တအုပ်ကို ဖတ်မိရာကနေ ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲသွားကြတဲ့ အမျိုးသမီးကြီး ၄ ဦး အကြောင်းတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ Bookclub ဆိုတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားဖြစ်ပြီး ပါရာမောင့် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ဘီလ်ဟိုလ်ဒါမန်းက ရိုက်ကူးထားတာပါ။
ငယ်သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ၆၀ တန်းဝန်းကျင် အသက်ကြီးကြီး အမျိုးသမီးကြီး ၄ ဦး အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
သူတို့ ၄ ယောက်ဟာ Bookclub တခုမှာ လစဉ်ဆုံတွေ့ကြပြီး ရှင်သန်နေထိုင်ရာကနေ စာအုပ်တအုပ်ကို ဖတ်လိုက်မိရာက ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲသွားကြတဲ့ အကြောင်းပါ။
စာအုပ်ကို ဖတ်ပြီးချိန်မှာ သူတို့ဘဝအတွက် ပျော်ရွှင်စရာတွေ၊ မလုပ်ဘူးခဲ့တဲ့ အရာတွေ၊ အချစ်သစ်ရှာဖွေတာတွေ စတဲ့ အရာတွေကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။
သူတို့ဖတ်လိုက်တဲ့ စာအုပ်ကတော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဘက်ဆဲလား စာအုပ်တအုပ်ဖြစ်တဲ့ 50 Shades of Grey ဖြစ်ပါတယ်။
ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးတော့လည်း အောင်မြင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဒီစာအုပ်ကြောင့် ပြောင်းလဲသွားရတဲ့ အမျိုးသမီးကြီးတွေအကြောင်းကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဇာတ်ကားထဲက ဇာတ်ကောင် အမျိုးသမီးကြီးတွေရဲ့ နေရာမှာတော့ ဟောလိဝုဒ် နာမည်ကြီးမင်းသမီးတွေ ဖြစ်ကြတဲ့ ဂျိန်းဖောင်ဒါ၊ ဒိုင်ယန်းကီတန်၊ ကန်ဒိုက်စ်ဘာဂန်၊ မေရီစတီးန်ဘာဂန်တို့က ဦးဆောင်ပါဝင်ထားကြတာပါ။
ဒီမင်းသမီးကြီးတွေဟာ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြပြီး ရုပ်ရှင်ထူးချွန်ဆုတွေလည်း ရဖူးကြသူတွေ ဖြစ်ကြပါတယ်။
အသက်အကြီးဆုံးဖြစ်တဲ့ ဂျိန်းဖောင်ဒါဆိုရင် အမေရိကန်နိုင်ငံရဲ့ တသက်တာ ရုပ်ရှင်ထူးချွန်ဆု ရရှိထားသူဖြစ်ပြီး လက်ရှိမှာတော့ အသက် ၈၀ အရွယ်ရှိနေပြီ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သူတို့ ၄ ယောက် ဘယ်လိုအပြိုင်ကြဲ သရုပ်ဆောင်ထားကြမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာပါ။
ဇာတ်ဝင်ခန်းတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေနဲ့ ဒိုင်ယာလော့ဂ်တွေ ပါဝင်တာကြောင့် ဒီကားကို အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအနေနဲ့ မိဘအုပ်ထိန်းသူမပါဘဲ ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုပြီး PG-13 အဆင့် သတ်မှတ်ထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။