စစ်ပွဲရပ်ရေးဆုတောင်းသဖြင့် ဖမ်းဆီးခံရသူ ၂ ဦး တရားရုံးကိုသပိတ်မှောက်
Aung Aung Naing
·
May 15, 2018
စစ်ပွဲတွေရပ်တန့်ဖို့ မန္တလေးမြို့ ကျုံးဘေးမှာ ဖယောင်းတိုင်မီးထွန်း ဆုတောင်းခဲ့ကြရာမှာ ခေါင်းဆောင်သူ နှစ်ဦးဟာ တရားစီရင်ရေးကို အယုံအကြည် မရှိတာကြောင့် တရားရုံးတော်ကို သပိတ်မှောက်လိုက်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေရပ်ဆိုင်းရေးနဲ့ ပိတ်မိပြည်သူတွေအမြန်ဆုံး လွတ်မြောက်ရေးအတွက် မန္တလေးမြို့၊ မြို့တော်စည်ပင်သာယာရုံးကြီးရှေ့မှာ မေ ၈ ရက်ညက ဖယောင်းတိုင် မီးထွန်းညှိကြပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။
အဆိုပါ ဆုတောင်းပွဲကို ဦးဆောင်တဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက်နဲ့ ကိုနှင်းအောင်တို့ကို အောင်မြေသာစံမြို့နယ် အမှတ်-၅ မြို့နယ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီး ဒုရဲမှူးမိုးသူက (ပ)၂၄၄/၂၀၁၈၊ ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) နဲ့ အရေးယူခဲ့ပါတယ်။
တရားစွဲခံရသူနှစ်ဦးကတော့ မနေ့က အောင်မြေသာစံမြို့နယ်တရားရုံးမှာ ရုံးထုတ်ရာမှာ အာမခံမယူခဲ့သလို တရားစီရင်ရေးကို အယုံအကြည် မရှိတာကြောင့် တရားရုံးတော်ကို သပိတ်မှောက်လိုက်ပါတယ်။
ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းကိုသန်းထိုက်က “ဗကသ မူ ၅ ချက်ဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး၊ ငြိမ်းချမ်းရေးကို လက်ကိုင်ထားတဲ့ ဗကသ ရဲဘော်တွေ ဖြစ်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်မပြုတာကြောင့် လက်ရှိ တရားစီရင်ရေးကို သပိတ်မှောက်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။
အောင်မြေသာစံမြို့နယ် တရားရုံးကတော့ ဒီအမှုဆက်လက်စစ်ဆေးဖို့ မေလ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။