Home
မြန်မာသတင်း
ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရာတွင် ညွှန်ကြားချက်မလိုက်နာသည့် အမတ်များရှိနေ
DVB
·
May 15, 2018
  ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ဆောင်ရွက်တဲ့အခါမှာ တချို့မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ ညွှန်ကြားချက်တွေကို မလိုက်နာကြဘူးလို့ ပြည်ထောင်စု လွှတ်တော်နာယက က ပြောပါတယ်။ မနေ့က ပြန်လည်စတင်လိုက်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ နာယက မန်းဝင်းခိုင်သန်းက ပြောလိုက်တာပါ။ “ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ ခွင့်ပြုချက်ရရှိတဲ့ လုပ်ငန်းတွေကိုပဲ ဆောင်ရွက်ဖို့နဲ့ မဖြစ်မနေ ပြောင်းလဲ ဆောင်ရွက်ဖို့လိုရင် အချိန်မီတင်ပြဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် တချို့မြို့နယ်တွေမှာ လုပ်ငန်းပြီးစီးကြောင်း ပြန်တင်ပြတဲ့အခါမှပဲ မူလလုပ်ငန်းတွေအတိုင်း ဆောင်ရွက်ထားတာ မဟုတ်ဘဲ လုပ်ငန်းပြောင်းလဲဆောင်ရွက်ခွင့် မတင်ပြထားတာကို တွေ့ရပါတယ်။ ဒါဟာ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့ လိုက်နာမှု၊ ကိုက်ညီမှု မရှိတဲ့အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အထူးသတိပြု ဆောင်ရွက်ကြစေလိုပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းပြီးစီးမှုတွေကို ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီကို ဧပြီ ၃၀ ရက် နောက်ဆုံးထားတင်ပြဖို့ စာနဲ့ ထုတ်ပြန်သတိပေးခဲ့ပေမယ့် လေးပုံတပုံက မလိုက်နာကြဘူး လို့လည်း ပြောပါတယ်။ “အခုအချိန်အထိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ၂၄၂ မြို့နယ်က တင်ပြခဲ့ကြပြီး ၈၃ မြို့နယ် ပေးပို့တင်ပြဖို့ ကျန်ရှိနေပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့မြို့နယ်များအနေနဲ့ အမြန်ဆုံး ပေးပို့ကြဖို့နဲ့ မဆောင်ရွက်နိုင်ခဲ့တဲ့ လုပ်ငန်းတွေအတွက် ပိုလျှံငွေတွေကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲကတဆင့် နေပြည်တော်က ငွေတိုက်ဦးစီးဌာနကို အချိန်မီပြန်လည် အပ်နှံကြဖို့ အသိပေး ပြောကြားလိုပါတယ်” လို့ဆိုပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်ကနေ တမြို့နယ်ကို ကျပ်သိန်း ၁၀၀၀စီ ခွင့်ပြုပေးနေတာပါ။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အချင်းချင်းဖြစ်စေ၊ ပြည်သူတွေနဲ့ဖြစ်စေ၊ မီဒီယာတွေနဲ့ဖြစ်စေ တွေ့ထိဆက်ဆံ ပြောဆိုလုပ်ဆောင်ကြရာမှာ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ နားလည်မှုရှိဖို့၊ စိတ်ကောင်းစေတနာနဲ့ ယှဉ်တွဲဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024