အန်စီအေအပစ်ရပ်စာချုပ်တွင် ကေအန်ပီပီပါဝင်လက်မှတ်ထိုးရေး လူထုထောက်ခံကြိုဆို
DVB
·
May 15, 2018
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)အနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးနိုင်ဖို့ ကယားပြည်နယ်ရှိ လူထုတွေက ထောက်ခံကြိုဆိုပွဲကို ဒီကနေ့ မနက် ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်မှာ ပြုလုပ်ပါတယ်။
ကယားပြည်နယ်မြို့နယ် ၇ မြို့နယ်က ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေးလိုလား သူတွေစုပေါင်းပြီး ဒီကနေ့ လွိုင်ကော်မြို့မှာ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။
ကယားပြည်နယ် ဖားဆောင်းမြို့နယ်ကနေ လာရောက်ပါဝင်တဲ့ ဦးသိန်းထွန်းဦးကတော့ ကယားပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားလို့အခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
“ကေအန်ပီပီအနေနဲ့ အန်စီအေလက်မှတ်ထိုးဖို့အတွက် ကျနော်တို့ လူထုက တောင်းဆို ထောက်ခံပွဲပေါ့။ အန်စီအေလမ်းကြောင်းကို သွားဖို့ပေါ့လေ။ အဓိကကတော့ ကယားပြည်နယ်ကြီး ငြိမ်းချမ်းချင်တာရယ်။ သူတို့လည်း ငြိမ်းချမ်းရေးကို လက်ခံလာပြီလေ။ လက်ခံလာပြီဆိုတော့ ကျနော်တို့ လူထုတောင်းဆိုမှုနဲ့ဆို ပိုပြီးတော့ မြန်ဆန်လာအောင်ပေါ့။ ”
ချီတက်သူတွေအနေနဲ့ လွိုင်ကော်မြို့ရှိ ကေ့ထျိုးဘိုးကွင်းကနေပြီး ကျောက်တိုင်ကွင်းဆီ ချီတက်ကြတာဖြစ်ပြီး မြန်မာပြည်ကြီးငြိမ်းချမ်းပါစေဆိုတဲ့ ကြွေးကြော်သံနဲ့ တောင်းဆိုခဲ့ကြ ပါတယ်။
လူထုဆန္ဒဖော်ထုတ်ပွဲကို ကယားပြည်နယ် မြို့နယ်အသီးသီးက လူပေါင်း ၄၀၀၀ ကျော်လာရောက် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။