ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ တားဆီးခံရ
DVB
·
May 15, 2018
ငြိမ်းချမ်းရေးရရှိစေဖို့နဲ့ စစ်ပွဲတွေ ရပ်တန့်စေဖို့ ရည်ရွယ်ပြီး ကဗျာဆရာတွေ စုပေါင်းကာ မေလ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံထဲမှာ ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ကဗျာဆရာတွေ စုပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ စစ်ပွဲအကြောင်းကို ဖော်ကျူးတဲ့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြတာကို ကျောက်တံတားရဲစခန်းမှူးနဲ့ အထွေထွေအုပ်ချုပ်ရေးတို့က ခွင့်ပြုချက် မတင်လို့ဆိုပြီး လာရောက်တားဆီးမှုတွေ ရှိခဲ့ပေမယ့် ကဗျာရွတ်ဆိုတာတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။
ကဗျာ ရွတ်ဆိုမှုတွေ ပြီးတဲ့အခါမှာတော့ တကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဇေယျာလွင်က အမှတ်တရစကား ပြောကြားခဲ့တဲ့အတွက် ကျောက်တံတားရဲစခန်းက တာဝန်ရှိသူများက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ရဲစခန်းကို လိုက်ခဲ့ဖို့ လာရောက်ခေါ်ဆိုခဲ့ပါတယ်။
“ကျနော့်ကို တရားဝင်စာပို့ပါ။ ကျနော် ဒီပွဲကို အမှတ်တရစကား ပြောပေးပါဆိုလို့ ပြောတာပဲ ရှိတယ်။ ကျနော် ဦးဆောင်ပြီး လုပ်တာလည်း မဟုတ်ပါဘူး”လို့ ကိုဇေယျာလွင်က ပြောပါတယ်။
ကဗျာရွတ်ဆိုပွဲပြီး လမ်းခွဲချိန်မှာလည်း ကိုဇေယျာလွင်ကို လာရောက် တားမြစ်မှုတွေ ရှိခဲ့ပေမယ့် တရားဝင်စာပို့ဖို့ကိုပဲ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်နေရာအနှံ့မှာ တောင်းဆို ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ကြပြီး အဲဒီလို တောင်းဆိုသူတွေထဲက ခေါင်းဆောင်တချို့ကို အမှုဖွင့် အရေးယူတာတွေ ရှိနေပါတယ်။