ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးအစီအမံ လိုအပ်
အေးနိုင်
·
June 21, 2012
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ကိစ္စတွေရဲ့ အကျိုးဆက်အဖြစ် ပြန်လည်ထူထောင်ရေးနဲ့ လုံခြုံရေးအစီအမံကို လုပ်ပေးဖို့ ပြည်ထောင်စုအစိုးရမှာ အဓိကတာဝန်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်ဟာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တာတွေကို ကွင်းဆင်းလေ့လာဖို့ ဇွန် ၂၀ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိပြီး ဒီနေ့ မောင်တောမြို့ကို သွားရောက်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခေတ်အဆက်ဆက် ဝင်လာတဲ့ ဘင်္ဂါလီဦးရေ ၈ သိန်းလောက်ရှိနေပြီး သူတို့တတွေကို ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်မလဲ။ နိုင်ငံသားဥပဒေအရ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတွေဟာ ရှင်းရှင်းလင်းလင်း မရှိသေးတာကို ထောက်ပြပြီး ဒါကြောင့် ဒုက္ခသည်တွေ ကိုယ်အိမ့်ကိုယ်ရာ ပြန်နေထိုင်နိုင်ဖို့ခက်ခဲတယ်လို့ သူက ပြောပါတယ်။
ဒီပြဿနာတွေကို နိုင်ငံတော်အစိုးရက ရှင်းလင်းပြတ်သားစွာ မကိုင်တွယ်ဘူးဆိုရင် ဒီလိုအဖြစ်ဆိုးမျိုးတွေ ကြုံတွေ့နေရတယ်လို့ သူက အစိုးရကို သတိပေးပြောဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တာတွေကြောင့် လူ ၆၀ ခန့်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပြီးဖြစ်ပြီး ထောင်ပေါင်းများစွာ ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ ဘုန်းကြီးကျောင်း၊ ဗလီနဲ့ စာသင်ကျောင်းတွေအပါအဝင် အိမ်ခြေထောင်ချီပြီး မီးရှို့ဖျက်ဆီးခံရပါတယ်။