နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာညီလာခံ ရန်ကုန်တွင် ကျင်းပ
DVB
·
June 21, 2012
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးညီလာခံတခုကို ရန်ကုန်မြို့ ပတ်ခ်ရွယ်ရယ် ဟိုတယ်မှာ ၂ ရက်ကြာ ကျင်းပရာမှာ နိုင်ငံပေါင်း ၂၀ ကျော်က စီးပွားရေးသမား ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒီညီလာခံကို စင်ကာပူအခြေစိုက် စီမံခန့်ခွဲမှုနည်းပညာဌာန (စီအမ်တီ)ရဲ့ အစီအစဉ်နဲ့ ဇွန် ၂၀ နဲ့ ၂၁ ရက်တွေမှာ ကျင်းပနေတာဖြစ်ပြီး အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ပြင်သစ်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက ကုမ္ပဏီ ၂၀ ကျော် တက်ရောက်ဆွေးနွေးကြပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာ့စီးပွားရေးလ အဓိကကဏ္ဍတွေဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်း၊ သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းစတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ နိုင်ငံခြားကုမ္ပဏီ အကြီးအကဲတွေ တက်ရောက် ဆွေးနွေးကြပါတယ်။
အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာကံဇော်ကတော့ မြန်မာနိုင်ငံဟာ အာဆီယံ စီးပွားရေး အသိုင်းအဝန်းကနေ တဆင့် တခုတည်းသော အာဆီယံ ဈေးကွက်ဆီကို စီးပွားရေးဆိုင်ရာ အစပျိုးလုပ်ဆောင်မှုတွေ လုပ်ဆောင်ပြီး ခြေလှမ်းနေပြီလို့ ညီလာခံမှာ ပြောပါတယ်။
အစည်းအဝေး တက်လာတဲ့ နိုင်ငံခြား စီးပွားရေးသမားတွေကတော့ ခုချိန်ဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အခွင့်ကောင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို အမြန်ဆုံးစသင့်တယ်လို့ ပြောကြားခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ လာမယ့် ဇူလိုင်လဆန်းကျရင် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဆွေးနွေးပြင်ဆင်ရေးဆွဲပြဌာန်းဖို့ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။