မိတ္ထီလာတွင် မိုးသက်လေပြင်းကြောင့် လိုင်းခန်းနှင့် ကားပေါ် သစ်ပင်ပိ
DVB
·
May 13, 2018
မိတ္ထီလာမှာ မေလ ၁၁ ရက်ညက မိုးသက်လေပြင်း တိုက်ခတ်ခဲ့လို့ ရဲစခန်းလိုင်းခန်း နဲ့ အိမ်စီးကားတစီးပေါ်သစ်ပင်ပိပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
မိတ္ထီလာအမှတ်၂ ရဲစခန်းထဲက ရဲတပ်သား ဖြိုးသူရဌေးရဲ့ လိုင်းခန်း အနောက်ဘက်က သစ်ပင်ကျိုးကျပြီး လိုင်ခန်းအမိုးပျက်စီးသွားပေမယ့် မိသားစု ၃ ဦးလုံး ဒဏ်ရာမရပါဘူး။
တချိန်တည်းမှာပဲ ကိုကျော်ကျော်ဦး မောင်းလာတဲ့ Hilux ကားပေါ်ကို ကုက္ကိုပင်လဲကျခဲ့လို့ လူဒဏ်ရာမရပေမယ့် ကားကတော့ ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ ဆိုင်ကယ်စီးနေတဲ့ ဆေးကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးလည်း သစ်ကိုင်းကျိုးကျမှုကြောင့် ဒဏ်ရာရခဲ့သလို အုတ်ကန်မိုးထားတဲ့သွပ်ပြား လန်ထွက်တာကြောင့် ဒေါ်ချိုချိုစန်း ဦးခေါင်းငယ်ထိပ်ပြတ်ရှ သွားတယ်လို့ သိရတယ်။
ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲအုပ်တင်ထွန်းအောင်က “ရဲတပ်သားလေးမိသားစုကို အစည်းအဝေးခန်းမထဲ နေရာချထားတယ်။ Hiluxကားပေါ်ပါသူ ၄ ဦးလုံးဒဏ်ရာမရပါဘူး။ ဆိုင်ကယ်စီးနေတဲ့ အမျိုးသမီးနဲ့ ဒေါ်ချိချိုစန်းတို့ကတော့ မိတ္ထီလာဆေးရုံမှာ ဆေးကုပါတယ်။ မစိုးရိမ်ရပါဘူး။ ဌာနဆိုင်ရာတွေ ပြည်သူတွေ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေး နေပါတယ်” လို့ ပြောပါတယ်။
မိတ္ထီလာမြို့မှာ ဧပြီလနဲ့ မေလ တို့မှာ နှစ်စဉ်လိုလို မိုးသက်လေပြင်း တိုက်ခတ်လေ့ရှိပြီး အခုတခါလေတိုက်တာက ပျက်စီးမှု ထိခိုက်မှု များတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)