ဝက်လက်မြို့နယ်တွင် နေအိမ် ၂၈ လုံးနှင့် နွားစာတိုက် ၁၄ လုံးမီးလောင်ဆုံးရှုံး
DVB
·
May 12, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မကျီးဖြူကျေးရွာမှာ မေလ ၁၀ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်ခြေ ၂၈ လုံး အပါဝင် နွားစာတိုက် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မီးစတင်လောင်ကျွမ်းရတာဟာ ကျေးရွာနေထိုင်သူတဦး ထမင်းအိုးတည်စဉ် မီးဖိုမီးကနေ ဘေးထရံကို ကူးစက်ရာမှတဆင့် ဖြစ်ပွားခဲ့တာလို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
“လေတိုက်တော့ မီးဖိုမီးက ထရံဘက်ကူးစက်ပြီး လောင်တာပါ” လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းစန်းအေးက ပြောပါတယ်။
ဒါ့အပြင် မီးလောင်ကျွမ်းမှုကြောင့် ကြိုးနဲ့ချီနှောင်ထားတဲ့ နွားတစ်ကောင်လည်း သေဆုံးခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကို မီးသတ်ရေယာဉ် ၆ စင်း၊ ရေသယ်ယာဉ် ၃ စင်းနဲ့ မီးသတ်တပ်ဖွဲ့အင်အား ၁၀၀ လောက်နဲ့အတူ ကျေးရွာပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် စုစုပေါင်းတန်ဖိုးငွေ ၂၀၈ သိန်းကျော် ဆုံးရှုံးသွားပါတယ်။
အခုလို နေအိမ်တွေ မီးလောင်ကျွမ်းခံခဲ့ရတာကြောင့် အိမ်ထောင်စု ၂၁ စုမှ လူဦးရေ ၈၉ ဦးဟာ ကျေးရွာက မဇ္ဈိမဂုဏ်ရည် ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်လစ်ပြီး မီးဘေးသင့် ဒုက္ခသည်တွေအဖြစ် ခိုလှုံနေရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့တဲ့ နေအိမ်မှ ဦးတိုက် ကို ရွှေပန်းကုန်းနယ်မြေရဲစခန်းက မီးပေါ့လျော့စွာအသုံးပြုမှု ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ရန်နိုင်စိုး