Home
မြန်မာသတင်း
မရှိဆင်းရဲသားများအတွက် ဥပဒေအထောက်အကူပေးရေးရုံးများ ဖွင့်လှစ်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 11, 2018
မရှိဆင်းရဲသားတွေအတွက် တရားရင်ဆိုင်ရာမှာ အကူအညီပေးနိုင်ဖို့အတွက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်ဖို့ရှိနေတယ်လို့ အဖွဲ့  ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။ မေလ ၁၁ ရက် မနက်က နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်းမှာ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပရာမှာ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ဥပဒေအထောက်အကူပေးရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောသွားတာပါ။ “ဒီအဖွဲ့မျိုး မြန်မာပြည်မှာ အရင်က မရှိခဲ့ပါဘူး။ ပေါ်လည်းမပေါက်ခဲ့ပါဘူး။ ဒါက ပထမဆုံးပေါ်တဲ့အဖွဲ့ပါ။ အခု ပြည်နယ်ရုံးတောင်မှ အကုန်မဖွင့်နိုင်သေးပါဘူး။ ကျန်နေသေးတယ်။ အခုနောက်ပိုင်း ဖွဲ့ရမှာပေါ့။” တရားဥပဒေရေးရာတွေမှာ ပြည်သူတွေ အညီအမျှ ရရှိဖို့နဲ့ ဆင်းရဲလို့၊ ခရီးဝေးလို့၊ နားမလည်လို့ ဥပဒေအခွင့်အရေးတွေ ထိခိုက်မှုမရှိစေဘဲ ကာကွယ်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ အဲ့ဒီအဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ရုံးခန်းဖွင့်ပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းတာကို  ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာအမှတ် (၈၆၅/၂၀၁၇)နဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024