ခိုးမှုဖြင့် စွပ်စွဲခံရသည့် အမျိုးသားအား ကိုယ်လုံးတီး လမ်းလျှောက်စေပြီး အပြစ်ပေး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှာ ခိုးမှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားတဦးကို အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်ပြီး ကိုယ်လုံးတီးချွတ်စေကာ လူသူရှုပ်ထွေးတဲ့ လမ်းမအလယ် လမ်းလျှောက်ခိုင်းစေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအလယ်ပိုင်း ဂွါဒလာဂျာရာမြို့လယ် လမ်းမတခုပေါ်မှာ ဖြစ်ခဲ့ပြီး အဲဒီအမျိုးသားရဲ့ ကိုယ်ပေါ်မှာတော့ ဘာအဝတ်အစားမှမပါဘဲ “ကျနော်သူခိုးတယောက်ပါ” ဆိုတဲ့ စာတမ်းတွေ ရေးထားတဲ့ အလင်းပြန်စက္ကူတွေကို ကပ်ထားပြီး လမ်းလျှောက်သွားနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သူ့ရဲ့နာမည်ကိုတော့ ဖော်ပြမထားဘဲ လက်တွေကို တုပ်နှောင်ထားကာ ခန္ဓာကိုယ်ပေါ်မှာ ရိုက်နှက်ခံထားရတဲ့ ထိခိုက်ဒဏ်ရာတွေကိုလည်း တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မျက်မြင် လမ်းသွားလမ်းလာတဦးက ရိုက်ကူးထားခဲ့တာ ဖြစ်တယ်လို့ မေရာသတင်းမှာ မေလ ၉ ရက်နေ့က ဖော်ပြပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအမျိုးသားကို ရဲတွေက လာဖမ်းသွားပြီး သူ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောဘူးလို့ ဆိုပါတယ်။ ဂွါဒလာဂျာရာမြို့ဟာ နိုင်ငံရဲ့ အကြီးဆုံးမြို့တော်တွေထဲမှာ တခုအပါအဝင်ဖြစ်ပြီး ခုလို လူပုံအလယ်မှာ ခိုးမှုကျူးလွန်သူတွေကို အပြစ်ပေးတာမျိုးဟာ ဒီလထဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလအစောပိုင်းတုန်းကလည်း ဆိုင်ကယ်တစီး ခိုးယူခဲ့တဲ့ အမျိုးသားတဦးကို ဓာတ်ဆီနဲ့လောင်းပြီး အရှင်လတ်လတ် မီးရှို့အပြစ်ပေးမှုတခု ဖြစ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up