ကချင်ပြည်နယ်အစိုးရ သတင်းစာရှင်းပွဲကို မြန်မာသတင်းထောက်များ သတင်းယူခွင့်မရ
DVB
·
May 11, 2018
မြစ်ကြီးနားကို ပြန်ကြားရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ရောက်ရှိနေတဲ့ တရုတ်နဲ့ ဂျပန်မီဒီယာအဖွဲ့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က တွေ့ဆုံရှင်းလင်းပွဲ ဒီကနေ့ မနက်က အစိုးရရုံးမှာ ပြုလုပ်ရာမှာ ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေ အပါအဝင် တခြားပြည်တွင်း ပြည်ပ မီဒီယာတွေကို ဝင်ရောက်သတင်းယူခွင့် တားဆီးပိတ်ပင်ခဲ့ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေနဲ့ ရိုက်တာသတင်းဌာနတို့က သတင်းမီဒီယာသမားတွေအနေနဲ့ သတင်းဝင်ရောက်ရယူဖို့ အစည်းအဝေးခန်းမရှေ့မှာ စောင့်ဆိုင်းနေပေမယ့် တရုတ်နဲ့ ဂျပန်မီဒီယာအဖွဲ့နဲ့ အစိုးရသတင်းဌာနက သတင်းသမားတွေအတွက်သာ စီစဉ်ထားတဲ့ပွဲဖြစ်လို့ ဝင်ရောက်ခွင့်မပြုဘူးဆိုပြီး ထွေအုပ်ဝန်ထမ်းတွေက တားဆီးခဲ့ပါတယ်။
တရုတ်နဲ့ ဂျပန်သတင်းမီဒီယာအဖွဲ့ဟာ မေ ၁၀ ရက်က သတင်းသမားတွေ သွားရောက်ဖို့ မလွယ်ကူတဲ့ တနိုင်းမြို့နယ်ထဲက အောင်လော့ဒ်ကျေးရွာကို အစိုးရ အစီအစဉ်နဲ့ သွားရောက်ခဲ့ပြီး ကေအိုင်အေတပ်မဟာ-၂ ရဲ့ စခန်း အခြေအနေတွေကိုလည်း သတင်းယူခွင့် ရရှိခဲ့ပါတယ်။