Home
မြန်မာသတင်း
ဖြူးတွင် လေပြင်းကြောင့် သစ်ပင်လဲကျပိမိ၍ မိခင်ဖြစ်သူ သေဆုံး၊ ကလေးငယ် ဒဏ်ရာရ
DVB
·
May 11, 2018
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှာ မေ ၁၀ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ညောင်ပင်တပင် နေအိမ်ဆိုင်ခန်းပေါ် ပြိုလဲပိခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။ ဖြူးမြို့ ၂၁ လမ်းဘေးရှိ လုံးပတ်ပေ ၂၀၊ အမြင့်ပေ ၅၀ ရှိ ညောင်ပင်ဟာ အမြစ်ကနေ ကျွတ်ထွက်ပြီး အနီးရှိ နေအိမ်ဆိုင်ခန်းတခုပေါ် လဲကျခဲ့တာပါ။ ဖြစ်စဉ်ကြောင့် ဆိုင်ခန်းအတွင်းမှာ  ဒေါ်ဒီပါဝလီ(ခ)ဖြူဖြူဝင်း၊ ငါးနှစ်အရွယ် သမီးဖြစ်သူ မကဗျာတို့ ပိတ်ပိနေတာကြောင့် တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတွေက စုပေါင်းကယ်ထုတ်ခဲ့ကြပါတယ်။ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက "မိုးရွာတာကတော့ ညနေ ငါးနာရီလောက်ကပါ။ လေက တော်တော်ပြင်းတယ်။ ညောင်ပင်ကတော့ ၆ နာရီလောက်မှာ လဲတာပါ။ အိမ်ပေါ်ပိနေတာကြောင့် မီးသတ်က လူတွေနဲ့ ဌာနဆိုင်ရာက လူတွေ၊ ပြည်သူတွေပေါင်းပြီး ကယ်ထုတ်ကြတာပါ။ မိခင်ကတော့ ဆေးရုံရောက်တော့ ဆုံးသွားတယ်။ ကလေးငယ်လေးကတော့ ဆေးကူသမှု ခံယူနေတယ်၊ စိုးရိမ်စရာတော့ မရှိတော့ပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ နေအိမ်အမိုးတွေ လန်ပြီး ဓာတ်တိုင်တွေလည်း ပြိုလဲခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ သစ်ပင်ပိသေဆုံးတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွှတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024