ရခိုင်ရိုးမတောစပ် ကြံခင်းမြို့နယ်တွင် တရားမဝင် ခိုးဝင်လာသူ ၁ဝ ဦး ဖမ်းမိ
DVB
·
May 11, 2018
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာ အနောက်ဘက် ၆ မိုင်လောက်အကွာ ရခိုင်ရိုးမတောစပ်ထဲမှာ တရားမ၀င် ခိုးဝင်လာသူ ၁ဝ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ရခိုင်ရိုးမတောစပ် ခုံကြီးကျေးရွာ ချောင်းအနီးမှာ ခိုးဝင်လာသူ နှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ မေ ၉ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးပါဝင်တဲ့အဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်စစ်ဆေးရာမှာ စစ်တွေမြို့နယ်၊ အုံးတောကြီး ဒုက္ခသည်စခန်းက အာယုမ်အာလီ (ခ) လှကျော်နဲ့ သက္ကယ်ပြင်ကျေးရွာနေ အာဒူလ်လာ (ခ)မောင်ကျော်ဝင်းတို့ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
သူတို့နဲ့အတူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦးလည်း အတူပါလာကြောင်း စစ်ဆေးသိရလို့ ရှာဖွေရာမှာ မေ ၁ဝ ရက်မနက်က ခုံကြီးကျေးရွာနားမှာ စစ်တွေမြို့နယ်နေ ဇော်ကီအာမက် (ခ)ကျော်နိုင်၊ ဂျောင်ဘို(ခ)မောင်လှ၊ မာမွတ်ဂျာဘယ်(ခ)လှကျော်၊ ဇာနုရာ ဘေဂွမ်(ခ) ခင်ခင်နု၊ ဘီဘီအာရှား(ခ)လှလှစိန်၊ ခေါ်ရီမာဘေဂွမ် (ခ)လှလှမြင့်၊ အာရာဘာဘေဂွမ် (ခ) သန်းသန်းနု၊ ရှော်ဘီခါဘေဂွမ်(ခ) မမအေးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အသေးစိတ်စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ - ရဲဇာနည်