လှည်းကူးတွင် ဗုံးအဟောင်းပေါက်ကွဲ၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
DVB
·
May 10, 2018
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကြို့ကုန်းကျေးရွာမှာ မေလ ၉ ရက် ညနေ ၄ နာရီလောက်က သံတိုသံစရောင်းဝယ်သူအမျိုးသားတဦး ဗုံးသီးအဟောင်းပေါက်ကွဲထိမှန် သေဆုံးပြီး အိမ်နီးချင်းအမျိုးသမီးတဦးပါ ဗုံးစထိမှန်ခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၅၁ နှစ်အရွယ် ဦးအေးသွင်ဖြစ်ပြီး သံတို သံစရောင်းဝယ်တာ၊ ရေခဲထုပ်နဲ့ သံတို သံစတွေ လဲလှယ်တဲ့အလုပ်နဲ့ အသက်မွေးနေသူဖြစ်ပါတယ်။ သူ့အလုပ်က သံတို သံစတွေကို သံချေးခွာ၊ လွှတိုက်လုပ်နေစဉ်မှာ ပေါက်ကွဲပြီး သေဆုံးခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဦးခေါင်း၊ ခြေ၊ လက်ကိုယ်အင်္ဂါတွေ ပြတ်တောက်ပြီး နေရာတင် သေဆုံးခဲ့သလို အိမ်နီးနားချင်းဖြစ်တဲ့ အသက် ၆၀ အရွယ် ဒေါ်အုန်းနွဲ့ရဲ့ ယာပေါင်ကိုလည်း ဗုံးစထိမှန်ခဲ့ပြီး ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ (မစိုးရိမ်ရ)လူနာအဖြစ် တင်ပို့ ကုသနေရပါတယ်။
သေဆုံးသူအလောင်းအနီးမှာ ဗုံးသီးအဟောင်း ၂၁ လုံးကိုလည်း တွေ့ရှိပြီး စစ်ဘက်က လာရောက်သိမ်းဆည်းသွားတယ်လို့ဆိုပါတယ်။
လှည်းကူးမြို့နယ် ဖောင်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်းအမှုဖွင့်ထားပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
သတင်း - ညိုထွန်း