ကချင်စစ်ဘေးရှောင် ၁၃၀၀ ခန့် တောထဲ ပိတ်မိနေဆဲဟု ကုလသမဂ္ဂထုတ်ပြန်

  ကချင်ဒေသတိုက်ပွဲတွေကြား လူပေါင်း ၁၃၀၀ လောက် တောထဲပိတ်မိနေတုန်းပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိသူတွေဟာ မေလ ၉ ရက်က တနိုင်းမြို့နယ်ကနေ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူ လူဦးရေ ၂၆ဝ ကျော် ခိုလှုံနေတဲ့  မြစ်ကြီးမြို့နယ်၊ နောင်နန်းရွာရှိ ဂျော်မဆတ်ဘုရားကျောင်းကို သွားရောက်ခဲ့ပြီးနောက် အခုလို ထုတ်ပြန်တာပါ။ မြစ်ကြီးနားကို ရောက်လာကြတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဟာ တနိုင်းမြို့နယ်ရှိ အောင်လော့ဒ်၊ ဆွတ်ရာ၊ ဆွတ်အင်ယန် ရွာတွေက တိမ်းရှောင်လာသူများဖြစ်ပြီး၊ အများစုဟာ မြစ်ကြီးနားသို့မရောက်မီ တောထဲမှာ တစ်လနီးပါး နေထိုင်ခဲ့ကြရတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့မှာ တနိုင်းမြို့နယ်အတွင်းရှိ အောင်လော့ဒ်၊ ဆွတ်ရာ၊ ဆွတ်အင်ယန် ရွာတွေမှာ ဝေဟင်ကနေ ဗုံးကြဲ၊ အမြောက်နဲ့ပစ်ခတ်တာအပါအဝင် တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့လို့  လူဦးရေ ၂,ဝဝဝ လောက် တောထဲကို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်။ ဒီထဲက ရာဂဏန်း အရေအတွက်ရှိ စစ်ဘေးရှောင်တွေ  တောထဲကနေ အခြားနေရာများ ကို ရွှေ့သွားနိုင်တာ ဒါမှမဟုတ် ကယ်ထုတ်ခြင်းခံရပြီးနောက်၊ တောထဲမှာ ခန့်မှန်းလူဦးရေ ၁,၃ဝဝ လောက်ဆက်လက် ကျန်ရှိနေခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းမှာ ဖော်ပြပါတယ်။ မြစ်ကြီးနားကို ရောက်လာသူတွေဟာ တောထဲမှာ သေနတ်သံ၊ အမြောက်သံကြားတိုင်း တနေရာကနေ တနေရာကိုပြေးရင်း တောထဲမှာ အဖွဲ့ငယ်လေးတွေ ကွဲသွားခဲ့ကြောင်း ပြောပြခဲ့ကြတယ်လို့ဆိုပါတယ်။ ကိုယ့်အဖွဲ့နဲ့ကိုယ် တောထဲက ထွက်နိုင်မယ့်လမ်းကို ကြိုးစားရှာဖွေခဲ့ကြပြီး တောထဲမှာ  အသက်ရှင်နိုင်ဖို့အတွက် အလေ့ကျပေါက်တဲ့ အရွက်တွေ ခူးစားပြီး အသက်ဆက်ခဲ့ရ တယ်လို့လည်း လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဝန်ထမ်းတွေကို ပြောပြခဲ့ပါတယ်။ အသက် ၃၀ အရွယ်၊ ကိုယ်ဝန်ဆောင်မိခင် မခေါန်နူး က “ထွက်ပြေးရတဲ့အချိန်မှာ ဘာမှ များများစားစား မယူခဲ့နိုင်ဘူး။ ဆန်နည်းနည်းနဲ့ ဆားပဲပါတယ်။ တချို့တွေဆို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ ပြေးလာကြရတာ။ ယူလာတဲ့ စားစရာတွေကုန်တော့ တောထဲမှာတွေ့တဲ့ အရွက်တွေ၊ ဟင်းရွက်တွေခူး၊ ဆန်နဲနဲထည့်ပြီး၊ အားလုံးရောပြီး ပြုတ်တယ်။ အဲဒါကိုတောင် ချွေတာပြီးစားရတာ၊ တအားဆာမှပဲစားကြရတယ်” လို့ ကုလအဖွဲ့ကို ပြောပြခဲ့ပါတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ မခေါန်နူးဟာ သူမရဲ့ ကလေးငယ်နှစ်ဦးနဲ့အတူ တောထဲမှာ ၂၈ ရက်ကြာနေခဲ့ရပြီး သူမရဲ့ တတိယမြောက် ရင်သွေးငယ်ကို လာမယ့် ရက်အနည်းငယ် အတွင်းမှာ မွေးဖွားတော့မှာလည်းဖြစ်ပါတယ်။ အတူပြေးလာတဲ့ အုပ်စုထဲက အမျိုးသမီးနှစ်ဦးဟာ တောထဲမှာပဲ အကူအညီကင်းမဲ့စွာနဲ့ ကလေးမွေးတာကို သူ တွေ့မြင်ခဲ့ရကြောင်းလည်း ပြောပြခဲ့ပါတယ်။ “ကျမတို့  အရမ်းလည်း ကြောက်တယ်။ တောထဲမှာ ရှိတုန်းက ငိုရတာ ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့ဘူး။ ကျွန်မတို့ ဒီတောထဲက ထွက်နိုင်တော့မယ်လို့တောင် မထင်တော့ဘူး” လို့  တွေ့ကြုံခံစားခဲ့ရတာကို မခေါန်နူးက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ တောထဲမှာ နေခဲ့ရတဲ့ နေရက်တွေက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဒဏ်ရာရထားသူတွေနဲ့ နေမကောင်းဖြစ်နေသူတွေအတွက် အင်မတန် ဆိုးရွား၊ ခက်ခဲတဲ့ နေ့ရက်တွေ ဖြစ်ခဲ့တယ်လို့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေက ပြောပြခဲ့ပါတယ်။ ညဘက်မှာ ခြင်၊ ဖြုတ်နဲ့ အင်းဆက်ပိုးကောင်တွေ အကိုက်ခံပြီး သစ်ရွက်ခြောက်တွေ ခင်းပြီးအိပ်ခဲ့ကြရတယ်။ ကလေးတွေက နေမကောင်းဖြစ်လာခဲ့ပြီး၊ အသက်အရွယ်ကြီးသူတွေ က ပင်ပန်းအားနည်းလာခဲ့ကြပါတယ်။ တောထဲကို ဆယ်ကျော်သက်အရွယ် သမီးငယ်နှစ်ဦးနဲ့ ထွက်ပြေးလာခဲ့ရသူ၊ မုဆိုးမ တဦးလည်းဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကြီးက “ကိုယ့်မှာပါလာတဲ့ ပစ္စည်းလေးတွေ၊ စောင်နဲ့ အဝတ်နည်းနည်းပေါ့၊ အဲဒါတွေကို ပလိုင်းထဲထည့်ပြီး သယ်၊ ကလေးတွေနဲ့ လမ်းမလျှောက်နိုင်တဲ့ အဖိုး၊ အဖွားတွေကို တစ်လှည့်စီ ကျောပိုးပြီး လျှောက်လာရတာ။ ဘယ်သွားလို့ သွားနေမှန်းတော့ မသိဘူး။ ဒါပေမယ့် ကြိုးစားရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကားလမ်းရောက်ရင်တော့ ငါတို့ ဒုက္ခမရောက်တော့ဘူးဆိုပြီးကြိုးစားလျှောက်ကြတာပေါ့။ လမ်းကလည်း တအားခက်တယ်။ ကလေးတွေနဲ့၊ အဖိုး၊အဖွားတွေကို ကျောပိုးရင်းနဲ့ လူကြီး ယောကျာ်း၊ မိန်းမတွေက လက်တဖက်က ခြုံတွေ၊ နွယ်တွေခုတ်၊ ကိုယ့်ဟာကိုယ် လမ်းရှင်းပြီး ထွက်လာခဲ့ရတာ။ တချို့နေရတွေမှာဆို တောင်တွေက အရမ်းမတ်တယ်။ ကျောမှာလည်း ပိုးထားရတယ်။ တောင်ကို ကုတ်ကတ်တက်ရတယ်။ တချို့နေရာတွေမျာ ကမ်းပါးနှစ်ခုမှာ သစ်တုံးတစ်ခုနဲ့ပဲ ဆက်ထားတာ။ အဲဒါကို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ကျောပိုးထားရင်း ကြောက်ကြောက်နဲ့ ဖြတ်လာရတယ်” လို့ ပြောပါတယ်။ တောထဲက ထွက်လာနိုင်ပြီး၊ မြစ်ကြီးနားကို ရောက်လာတဲ့သူတွေက တောထဲမှာ သက်ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့သူတွေ၊ မွေးခင်းစကလေးငယ်နဲ့ မိခင်တွေ အပါအဝင် လူအတော်များများ ကျန်နေသေးပါတယ်။ မြစ်ကြီးနားကို ခင်ပွန်း၊ ကလေး ၂ ဦးနဲ့အတူ ရောက်လာတဲ့ အသက် ၃၅ နှစ်အရွယ် မလုနန်က  “သူတို့က လမ်းသိပ်မလျှောက်နိုင်တော့ နောက်မှာကျန်ခဲ့တာ။ သူတို့အတွက် တအား စိတ်ပူပါတယ်။ ကျမတို့နဲ့အတူတူ ပြေးတဲ့အုပ်စုထဲမှာ နားမကြားတဲ့ အဖိုးတစ်ယောက်နဲ့၊ မျက်စိမမြင်တဲ့အဖွား တစ်ယောက်ပါတယ်။ တောထဲမှာ ပြေးရင်း၊ ပုန်းရင်းနဲ့ သူတို့နဲ့ လူစုကွဲ သွားတယ်။ ခု သူတို့ ဘယ်နားမှာရှိနေမှန်းလဲ မသိဘူး။ သူတို့လည်း မြန်မြန်ထွက်လာ နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဟာ ယာယီအနေနဲ့ မြစ်ကြီးနားမြို့ နောင်နန်းရွာက ဂျော်မဆတ်ဘုရားကျောင်းအတွင်းက ဆောက်လက်စ အဆောက်အဦတစ်ခုမှာ ကြပ်တည်း ပြွတ်သိပ်ပြီး နေထိုင်ကြရပါတယ်။ သူတို့အတွက် နေထိုင်ရာအမိုးအကာ၊ အစားအစာ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဝန်ဆောင်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အဝတ်အထည်၊ စောင်၊ အိုးခွက်ပန်းကန်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်တွေနဲ့ အမျိုးသမီး အသုံးအဆောင်တွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ ဓာတ်ပုံ - UN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up