ဘတ်စ်ကားမှတ်တိုင်တွင်ရပ်သည့် တက္ကစီနှင့် ကိုယ်ပိုင်ယာဉ်များကို အရေးယူမည်
ပြည့်ဘုန်းအောင်
·
May 9, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘတ်စ်ကားမှတ်တိုင်တွေမှာ ရပ်နားခြင်းမရှိတဲ့ YBS ယာဉ်တွေနဲ့ ခရီးသည်မှတ်တိုင်တွေမှာရပ်နားတဲ့ တက္ကစီတွေ၊ ကိုယ်ပိုင်ကားတွေကို ထိရောက်စွာ အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပြောပါတယ်။
မေလ ၈ ရက်နေ့ ရန်ကုန်တိုင်းဒေသသကြီးလွှတ်တော် အစည်းအဝေးမှာ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောဆိုခဲ့တာပါ။
“YBS စနစ်အကောင်အထည်ဖော်ခြင်း ဒုတိယနှစ်မှာ ဘတ်စ်ကားမှတ်တိုင်တွေ၊ ယာဉ်ရပ်နားရန် နေရာတွေကို YRTA အစီအစဉ်နဲ့ တည်ဆောက်ဆောင်ရွက်သွားမှာဖြစ်ပြီး မှတ်တိုင်မှာမရပ်တဲ့ ဘတ်စ်ကားတွေ၊ ဘတ်စ်ကားမှတ်တိုင်မှာ ဝင်ရောက်ရပ်နားတဲ့ တက္ကစီ တွေနဲ့ ကိုယ်ပိုင်ကားတွေကို ထိရောက်စွာ အရေးယူသွားပါမယ်”
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လှိုင်သာယာမြို့နယ်အမတ် ဦးမြတ်မင်းသူက “လှိုင်သာယာမြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ နေ့စဉ်ဖြစ်ပေါ်နေတာကြောင့် ဘတ်စ် မှတ်တိုင်နဲ့ ယာဉ်ရပ်ရန်နေရာ သတ်မှတ်တည်ဆောက်ပေးဖို့နဲ့ သတ်မှတ်နေရာတွေမှာ ယာဉ်တွေရပ်နားဖို့အတွက် စီမံဆောင်ရွက်ပေးဖို့ ရှိ/မရှိ မေးမြန်းချက်ကို တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။