Live
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် အခွန်ကောက်ခံရရှိမှု သတ်မှတ်လျာထားချက်ထက် လျော့နည်း
Aung Ko Latt
·
May 9, 2018
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ အခွန်အရပ်ရပ် ကောက်ခံရရှိမှု သတ်မှတ်လျာထားချက်ထက် လျော့နည်းသလို မနှစ်ကထက် ကျပ်သန်းပေါင်း ၁၂၀၀၀ ကျော် လျော့နည်းခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။ ဒီလို လျော့နည်းရတာက နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် ဖြစ်သလို တင်ဒါလုပ်ငန်းတွေ သတ်မှတ်ချိန်အတွင်း လုပ်ငန်းမပြီးစီးတာကြောင့် ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ဦးစီးမှူး ဦးအောင်မိုးက ပြောပါတယ်။ “၂၀၁၈ အခွန်အကောက်ဥပဒေမူကြမ်း ပြဋ္ဌာန်းပြီးတော့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ လျော့နည်းသွားတယ်။ ပြီးတော့ သစ်ထုတ်လုပ်ခွင့်တွေ ပိတ်လိုက်တဲ့အတွက် ကုန်သွယ်ခွန်တွေ လျော့နည်းသွားတယ်။ ခန့်မှန်း ၂ ဘီလီယံကျော်မယ်။ အထူးကုန်စည်ခွန်တွေအနေနဲ့လည်း ဥပဒေနှုန်းထားပြင်လိုက်တဲ့အတွက် အရင်က ၂၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းသာရတဲ့အတွက်လည်း အဲဒီအပေါ်မှာ ဘီလီယံချီ လျော့နည်းမယ်။ နောက်ပြီး အစိုးရတင်ဒါလုပ်ငန်းတွေလည်း လုပ်ငန်းတွေ မပြီးပြတ်လို့ မရတာတွေ ရှိနေတယ်။ ဒါပြီးတော့ ၂၀၁၆-၁၇ တုန်းကကျတော့ ပြီးခဲ့တဲ့ ၃ နှစ်စာ ကောက်ရတော့ ပိုရတယ်။ ဒီ ၁၇-၁၈ မှာကျတော့ ၁ နှစ်စာပဲ ကောက်ရတာ ဖြစ်တဲ့အတွက် နည်းသွားတာလည်း ပါတယ်” ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခွန်ကောက်ခံရရှိမှုအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အထူးကုန်စည်ခွန် စတဲ့ အခွန် ၅ မျိုးအတွက် ကျပ်သန်းပေါင်း ၄၂၈၉၇ ဒသမ ၂၈၈ သန်းလျာထားခဲ့ပြီး ၃၄၅၉၈ ဒသမ ၂၇၄ ကျပ်သန်းသာ ရရှိခဲ့တဲ့အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ထက် ကျပ်သန်းပေါင်း ၁၂၁၆၈ ဒသမ ၆၂၁ သန်း လျော့နည်းခဲ့ပါတယ်။ ဒါပေမယ့် အခွန် ၅ မျိုးမှာ အောင်ဘာလေ သိန်းဆုခွန်ကတော့ လျာထားချက်ထက် ကျော်လွန်ရရှိခဲ့ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၃၇ သန်းကျော်လျာထားခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၄၂ သန်းကျော် လျာထားတဲ့အတွက် အခွန်လျာထားချက်မှာလည်း အရင်နှစ်ကထက် ၅ သန်းကျော် တိုးလာခဲ့ပါတယ်။ အခုနှစ် ဧပြီ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်ထိ ၆ လတာ ကာလတို ဘတ်ဂျက်ကာလအတွင်း အခွန်အရပ်ရပ်မှ ကျပ်သန်းပေါင်း ၁၀၂၅၉ ဒသမ ၀၁၆ သန်း ရရှိရဖို့ လျာထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒုတိုင်းဦးစီးမှူး ဦးအောင်မြင့်က “ပုဂ္ဂလိက ကဏ္ဍမှာတော့ တိုးတက်လာတယ် ပြောရမယ်။ ဒါကလည်း အရင်ကဆို ၁ နှစ်မှ ၁ ခါလောက်သာ အခွန်နဲ့ပတ်သက်တဲ့ အသိပညာပေးပွဲတွေ လုပ်နိုင်တာ။ မနှစ်ကဆို မြို့နယ် အားလုံး ၃၄ မြို့နယ်မှာ အခွန်အကြောင်း ပညာပေးပွဲတွေ ၂၆၀ ကြိမ်အထိ လုပ်နိုင်တယ်။ ပြီးတော့ ထူးခြားချက်အနေနဲ့ တိုင်းလွှတ်တော်မှာဆိုရင် ၂ ကြိမ် လုပ်နိုင်တယ်။ အဲလိုလုပ်တဲ့အတွက် အခွန်နဲ့ပတ်သက်တဲ့ အသိပညာတွေ ပြည်သူတွေကြားထဲမှာ ပိုမိုသိမြင်လာတယ်။ အခွန်ဆောင်လာကြတယ်။ အခွန်အပေါ်မှာ စိတ်ဝင်စားသူတွေလည်း များလာတယ်”လို့ ပြောပါတယ်။ အခွန်နဲ့ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ အထင်အမြင်လွဲမှားမှုတွေ ရှိနေသလို အခွန်နဲ့ ပတ်သက်တဲ့ အသိပညာတွေလည်း အခုထက်ပိုမို သိရှိနားလည်ဖို့ လိုအပ်နေပါသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရှိပေမယ့် ပြည်သူတွေကြားမှာ အိန္ဒိယက ကုန်ပစ္စည်းတွေထက် တရုတ်ကုန်ပစ္စည်းကိုသာ ပိုမိုအားထားတဲ့အတွက် နယ်စပ် ကုန်သွယ်ရေးအနေနဲ့လည်း တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တို့လို အားထားလို့ မရသေးဘူးလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ကျောက်စိမ်း၊ ရေနံ၊ ရွှေ၊ ကြေးနီ၊ ကျောက်မီးသွေး၊ သစ် စတဲ့ မြေပေါ် မြေအောက် သယံဇာတတွေ ပေါကြွယ်နေပေမယ့် အဲဒီအပေါ်မှာတော့ အခွန်စည်းကြပ်နိုင်မှု အားနည်းနေပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024