Home
ဆောင်းပါး
ချင်းပြည်နယ်ရဲ့ အမှတ်အသား (သို့မဟုတ်) အသည်းပုံရိဒ်ရေကန် အဓွန့်ရှည်ပါစေ
DVB
·
May 8, 2018
ရေကန်အတွင်း ရေကူးခြင်းအား တားမြစ်ပိတ်ပင်ခြင်း မရှိစေရေး တို့အရေး တို့အရေး။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ အဲဒီရေကန်နားမှာ အသံတွေ ဆူညံခဲ့တယ်။ အဲဒီ ဆူညံသံတွေက ဘာလဲဆိုတော့ ရိခေါ်ဒါရ်မြို့လေးမှာ နေထိုင်ကြတဲ့ ဒေသခံ လူအရွယ်စုံတို့ရဲ့ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ခဲ့တဲ့ ကြွေးကြော်သံတွေပဲ ဖြစ်ပါတယ်။ အဲဒီနေ့က ရိဒ်ရေကန်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲ့ တားမြစ်ချက် အချို့ကြောင့် ရိခေါ်ဒါရ်ဒေသခံ ၃၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ရိဒ်ရေကန်မှာ ထူးခြားဆန်းပြားတဲ့ ဒဏ္ဍာရီဆန်တဲ့ သမိုင်းတွေ ရှိနေပါတယ်။ အဲဒီ ဒဏ္ဍာရီဆန်တဲ့ အကြောင်းအရာတွေကိုပဲ ဒီနေ့အထိ ချင်းလူမျိုးတွေဟာ သက်ဝင် ယုံကြည်နေကြဆဲပါပဲ။ ရိဒ်ရေကန်ရဲ့ ထူးခြားတဲ့ သဘာဝဖြစ်တည်မှုက အသည်းပုံ တိတိကျကျရှိနေတဲ့ ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ထားတဲ့ တောင်ပေါ်ဒေသ ကုန်းမြင့်မှာရှိတဲ့ ရေကန်တကန် ဖြစ်ခြင်းပါပဲ။ အဲဒီရိဒ်ရေကန်ကို ဝိညာဉ်စောင့်နတ်သမီး ရိဒ်က စောင့်ရှောက်နေတာမို့ နတ်သမီး နာမည်ကို အစွဲပြုပြီး ရိဒ်ရေကန်လို့ နာမည်တွင်ခဲ့တာ ဖြစ်တယ်လို့ ရိခေါ်ဒါရ်ဒေသမှာ နေတဲ့ ချင်းတိုင်းရင်းသားကြီးတဦးက ဆိုပါတယ်။ ရိဒ်ရေကန်ပတ်လည်မှာလည်း ဒေသအခေါ် ဝိညာဉ်ခြံစည်းရိုးလို့ ခေါ်တဲ့ မိုးမခပင်တွေ အစီအရီ ပေါက်နေတာကို တွေ့ရပါတယ်။ နောက်ပြီး ရိဒ်ရေကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ ကျော်မှာ ဖြစ်ပေါ်တဲ့ ထူးခြားတဲ့ရေကန်။ ရိဒ်ရေကန်ဟာ ချင်းပြည်နယ်ရဲ့ ထူးခြားတဲ့ အမှတ်အသားတခု ဖြစ်သလို ဆန်းပြားတဲ့ ဒဏ္ဍာရီကြောင့် ယနေ့အထိ သက်ဝင်ယုံကြည်သူတို့ရဲ့ နှလုံးသားတခုအဖြစ်လည်း ရှိနေပါတယ်။ ဒီဒေသမှာ ဒါဟာ ပထမဆုံး ဆန္ဒဖော်ထုတ်မှုတခုပဲ ဖြစ်ပါတယ်။ မလုပ်ချင်ပေမယ့် မတတ်သာတဲ့အတွက် ဒီလို လုပ်ရတာပါလို့ ရိဒ်ရေကန်နဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ဒေါ်လိုင်းထန်ဆန်းက ဆိုပါတယ်။ ရိဒ်ရေကန်ဟာ ထူးခြားတဲ့ ဒဏ္ဍာရီဆန်တဲ့ သမိုင်းတွေ ရှိနေပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ပိုင်ဆိုင်ထားတာကြောင့် မြန်မာနိုင်ငံအရပ်ရပ်က ခရီးသွားတွေတင်မက ကမ္ဘာကပင် စိတ်ဝင်တစား လာရောက်လည်ပတ် လေ့လာကြတဲ့ ဧည့်သည်တွေနဲ့ ပွင့်လင်းရာသီဖြစ်တဲ့ ဧပြီလဆိုရင် အထူးစည်ကားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ တောတောင်သဘာဝ အေးချမ်းလွန်းလှတဲ့ ရိဒ်ရေကန်ဟာ လာရောက် လည်ပတ်သူတို့အတွက် လေ့လာစရာတွေနဲ့ အေးချမ်းမှုကိုလည်း ပေးနိုင်တဲ့ နေရာတခုအဖြစ် နှစ်ပေါင်းများစွာ လူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ရိဒ်ရေကန်ကို တွေ့ရှိပြီး ရေကြည်ရာ မြက်နုရာအဖြစ် ရိဒ်ရေကန်ရဲ့ အနီးမှာ ရိခေါ်ဒါရ်ဆိုတဲ့ ရွာလေးတည်ခဲ့တဲ့ နှစ်ပေါင်း ၇၆ နှစ်မြောက်ဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဧပြီလနောက်ပိုင်းမှာတော့ ရိဒ်ရေကန်လေးနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ အုပ်ချုပ်သူတို့အကြား သဘောထား ကွဲလွဲမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီ သဘောထား ကွဲလွဲမှုကြောင့်လည်း လူတွေ စတင်နေထိုင်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်အထိ အေးချမ်းခဲ့တဲ့ ချစ်စရာကောင်းခဲ့တဲ့ ရိဒ်ရေကန်နဲ့ ရိခေါ်ဒါရ်ဒေသလေးဟာ အသံတွေ ဆူညံလာရပါတော့တယ်။ အုပ်ချုပ်သူတို့က အလွန်ချစ်စရာကောင်းပြီး ထူးခြားဆန်းပြားတဲ့ အသည်းပုံ ရိဒ်ရေကန်ကို ရေရှည်သဘာဝအတိုင်း လှပစေရေး ရေကန်နဲ့ပတ်သက်ပြီး တားမြစ်မှုတွေ ပြလုပ်ခဲ့ကြပါတယ်။ (ဒါဟာလည်း အုပ်ချုပ်သူ အစိုးရတို့ရဲ့ ရိဒ်ရေကန်ကို သဘာဝအလှ မပျက်စေရေး ထိန်းသိမ်းလိုစိတ်ပဲလို့ ယူဆပါတယ်။) သို့ပေမယ့် အုပ်ချုပ်သူအစိုးရ ချမှတ်လိုက်တဲ့ ရိဒ်ရေကန်နဲ့ပတ်သက်တဲ့ တားမြစ်မှုတွေဟာ ရိခေါ်ဒါရ် ပြည်သူတွေအတွက် လက်မခံနိုင်စရာ အရာတွေ ဖြစ်လာပါတယ်။ ဒါဟာ ဒေသခံပြည်သူနဲ့ အစိုးရအကြား လစ်ဟာမှုတခုအဖြစ် သဘောထား ကွဲလွဲလာကြတဲ့ သဘောကို ဆောင်ခဲ့ပါတယ်။ ရိဒ်ရေကန်လေးနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရက ဘာတွေ တားမြစ်လာသလဲ ဆိုရင် ရိဒ်ရေကန်ထဲမှာ ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ စက်လှေအသုံးပြုခြင်း၊ ရိဒ်ရေကန်ရဲ့ ရေထွက်မြောင်းကို ယန္တရားအသုံးပြု ပြုပြင်ခြင်းနဲ့ ရေကန်ပတ်လည်က လယ်ယာမြေတွေကို ဆက်လက်လုပ်ဆောင်ခွင့် မပြုတော့ခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။ လူသားတွေမှာ မိမိတို့သဘာဝ ကိုးကွယ်ရာ ယုံကြည်ရာ ရာဇဝင်သမိုင်းနဲ့ အယူအဆတွေ ရှိနေကြပါတယ်။ ရိုးရာဓလေ့ အစဉ်အလာတွေ ရှိနေကြပါတယ်။ ဒါတွေကို စွန့်ပစ်ဖို့၊ ဒါတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လာပြီဆိုရင် ပဋိပက္ခတွေ ဖြစ်ပေါ်လာတတ်ခြင်းဟာ လောကရဲ့ ဓမ္မတာတခုပါပဲ။ ရိဒ်ရေကန်နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရရဲ့ တားမြစ်ချက်ဟာ ပြည်နယ်အစိုးရအနေနဲ့ ရေကန်အပေါ်ထားရှိတဲ့ စေတနာဖြစ်သလို တဖက်မှာတော့ တားမြစ်မှုတွေဟာ အဲဒီဒေသက ချင်းတိုင်းရင်းသားတွေအတွက်တော့ ရိုးရာဓလေ့တခု ဖြစ်နေတာပဲ။ ဒါ့ကြောင့် အေးချမ်းလှပပြီး ကမ္ဘာ့ခရီးသွားတွေအထိ လာလည်စေချင်အောင် ဖိတ်ခေါ်နိုင်တဲ့ ရိဒ်ရေကန်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူနဲ့ အစိုးရအကြား နားလည်မှုလွဲတဲ့ ထိခတ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ အစိုးရ တားမြစ်ချက်တွေဟာ မူလဇာစ်မြစ်ကို မသိသူတွေအတွက်တော့ ကောင်းမွန်တဲ့ စည်းကမ်းချက်တွေလို့ သတ်မှတ်လို့ရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သို့သော် ဒေသခံပြည်သူတွေရဲ့ ယုံကြည်မှု ရိုးရာဓလေ့ကို လေ့လာမိရင်တော့ တည့်တည့်ကြီးကို လွဲနေတဲ့ အလွဲတွေကို တွေ့လာရမှာပဲ ဖြစ်ပါတယ်။ ရေကန်အတွင်း ရေမကူးရ၊ ရေကန်ထဲ ရေကူးခြင်းကြောင့် ရေနစ်သေဆုံးမှုတွေ ဖြစ်လာနိုင်တဲ့အတွက် အဲဒီတားမြစ်ချက်ဟာ ကောင်းမွန်ပါတယ်။ ဒါပေမယ့် အစပိုင်းမှာ ပြောခဲ့သလို ရိဒ်ရေကန်ဟာ ဒဏ္ဍာရီဆန်တဲ့ သမိုင်းတွေ ရှိခဲ့တယ်။ ဒေသခံတွေအနေနဲ့ ဒီရေကန်ထဲ ရေချိုးတာနဲ့ပတ်သက်ပြီး ဘယ်လို ယူဆခဲ့တဲ့ဓလေ့ ဖြစ်ခဲ့သလဲ။ ဒီရေကန်မှာ ကျနော်တို့ ငယ်ငယ်ကတည်းက ရေကူးတယ်။ နောက်ပြီး ဒီရေကန်ထဲမှာ ရွာသက်တမ်း ၇၆ နှစ်ရှိပြီး ကျနော်တို့ရွာသားတွေ တယောက်မှ ရေနစ်သေတယ်ဆိုတာ မရှိဘူး။ ဒီရေကန်က သေဆုံးခဲ့တဲ့သူတွေရဲ့ ဝိညာဉ်တွေ လာရတယ်။ နောက်ဘဝကိုသွားဖို့ ဒီရေကန်မှာ ဝိညာဉ်တွေဟာ ရေကန်မှာရှိတဲ့ ဝိညာဉ်စောင့်နတ်မင်းရဲ့ စောင့်ရှောက်ခြင်း ခံရတယ်။ ဒီရေကိုချိုးရင် ကျန်းမာရေးကောင်းတယ်။ အနာရောဂါ ပျောက်ကင်းတယ်။ အခုထိ အသက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်ရင် ရေကန်မှာ ရေချိုးကြတယ်။ ဒါကို ရေကန်မှာ ရေကူးတာနဲ့လည်း ဒီရေကန် မပျက်စီးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရေကူးခဲ့ကြတာ ၇၆ နှစ်ရှိပြီပဲ ပျက်စီးမယ်ဆို ပျက်စီးပြီးပေါ့လို့ ရိခေါ်ဒါရ်ဒေသခံ ချင်းတိုင်းရင်းသားတဦးက ဆိုပါတယ်။ နောက်တားမြစ်ချက်တခုကတော့ ရေကန်တွင်း ငါးဖမ်းခြင်းမပြုစေရေး ဆိုတဲ့ တားမြစ်ချက်ပဲ ဖြစ်ပါတယ်။ ငါးဆိုတာဟာ ရေထဲမှာ အသက်ရှင်တဲ့ သတ္တဝါပါပဲ။ ငါးမျိုးပြုန်းရင် ရေလည်းခန်းမယ်ဆိုတဲ့ အယူအဆနဲ့ အစိုးရက ရေကန်ထဲက ငါးဖမ်းခြင်းကို တားမြစ်တာ ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဒေသခံတို့ရဲ့ ဓလေ့မှာ ငါးဖမ်းခြင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ဒီ ရိဒ်ရေကန်ကို မှီခိုကာ ရွာတည်ခဲ့တဲ့ ရည်ရွယ်ချက်မှာ ပါဝင်နေတာကို လေ့လာရပါတယ်။ ဒီရေကန်ထဲမှာ မူလက ငါးသေးသေးလေးတွေနဲ့ ငါးမြွေထိုးအမျိုးအစား ငါးပဲ ရှိတယ်။ ဒါလေးကို ဒေသခံတွေက စီးပွားဖြစ်လည်း ဖမ်းဆီးကြတာ မရှိပါဘူး။ ငါးမျှားတယ်။ သံချွန်နဲ့ ဆောင့်ပြီးထိုးတယ်။ ရလာတဲ့ငါးကို အခြောက်လှန်းပြီး ရောင်းတယ်။ ကလေးတွေအတွက် စာအုပ်ဖိုး၊ ခဲတံဖိုး ရတာပေါ့။ ရှေးကတည်းက ဒီလို မှီခိုခဲ့ကြတယ်။ အခုနောက်ပိုင်း ငါးကြင်းအမျိုး အပါအဝင် အခြားငါးအမျိုးတွေကို ကျနော်တို့တတွေ ကန်ထဲလွှတ်ကြတယ်။ ငါးမိုင်းခွဲဖမ်းတာ၊ ကျဉ်စက်နဲ့ ဖမ်းဆီးတာမျိုး လုံးဝ မလုပ်ကြရပါဘူး။ ဒါကြောင့် ရေကန်ထဲမှာ ငါးမျိုးသုဉ်းသွားမယ့် အခြေအနေလည်း မရှိပါဘူး။ ဒါကြောင့် ဒီရေကန်ထဲ ငါးမဖမ်းရဆိုတဲ့ တားမြစ်ချက်ကို ကျနောတို့ လက်မခံနိုင်ဘူးလို့လည်း ရိခေါ်ဒါရ်ဒေသမှာ မွေးဖွားခဲ့တဲ့ ကိုပွီးသဲက ပြောပါတယ်။ ချင်းပြည်နယ်ရဲ့ အထင်ကရ အသည်းပုံရိဒ်ရေကန်ကို စိတ်ဝင်တစား လာရောက် လည်ပတ်သူတွေအတွက် ဒေသက ရေကန်ထဲ လှည့်လည်နိုင်မယ့် စက်တပ်လှေတစင်းကို ထားရှိခဲ့ပါတယ်။ ကန်ကို လာရောက်လည်ပတ်သူတွေအဖို့ ရေကန်ပတ်လည် လည်ပတ် ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။ ဒီလို ရေကန်တွင်း စက်တပ်လှေ မောင်းနှင်မှုကိုလည်း အစိုးရက တားမြစ်လိုက်တာကြောင့် ရေကန်ကို လည်ပတ်သူ နိုင်ငံခြားသား အလည်အပတ်လာရောက်သူတွေ နည်းပါးလာတယ်လို့ ရေကန်အနီးမှာ နေထိုင်တဲ့ ချင်းအမျိုးသားတဦးက ဆိုပါတယ်။ ပြည်နယ်အစိုးရအနေနဲ့တော့ ရေကန်တွင်း စက်လှေမောင်းနှင်မှုကြောင့် စက်အသုံးပြုဆီ ယိုဖိတ်ပြီး ရေကန်ကို ထိခိုက်လာမှုရှိမှာ ဖြစ်တဲ့အတွက် တားမြစ်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ရိဒ်ရေကန်ကို စတင်တွေ့ရှိခဲ့သူတွေဟာ သူတို့အတွက် ရေကြည်ရာ မြက်နုရာ ဒေသအဖြစ် သတ်မှတ်ပြီး ကျေးရွာ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီလို ကျေးရွာတည်ထောင်လာရင်း ရေကန်ပတ်လည်က မြေပြန့်အနည်းငယ်မှာ လယ်ယာလုပ်ကိုင်ခြင်း လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပြီး အသက်မွေးမှု စတင်ပြုလုပ်ခဲ့ကြတာဟာ အခုဆိုရင် မြို့တည်သက် ၇၆ နှစ်အထိ ရှိနေပြီး ပြည်နယ်အစိုးရအနေနဲ့ ရေကန်ကို ထိခိုက်မှာစိုးတာကြောင့် အစားထိုး လယ်ယာမြေရှာဖို့နဲ့ လက်ရှိလုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်တာကြောင့်လည်း ဒေသခံ တောင်သူတွေဟာ ဒီလယ်ယာမြေတွေကို လုပ်ကိုင်ခွင့် ပြန်လည်ရရှိချင်နေကြပါတယ်။ ရေကန်ပတ်လည် လယ်ယာစိုက်ပျိုးမှုကြောင့် ရေကန်ကို ထိခိုက်ခဲ့တာ မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။ ကျနော်တို့အနေနဲ့ ဒီဘေးမှာ လယ်ယာလုပ်ကိုင်တာ ကြာခဲ့ပါပြီ။ နောက်ပြီး ဒီရေကန်ကို သူတို့ တန်ဖိုးထားသလို ကျနော်တို့ ဒေသခံတွေက ဘိုးဘွားအမွေအဖြစ် ပိုပြီး တန်ဖိုးထား ထိန်းသိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ အချိန်သိပ်မကြာသေးပါဘူး။ ဒီရေကန်ထဲမှာ ဗေဒါပင်တွေ ဖုံးအုပ်ခဲ့ပါတယ်။ ဒါကို ကျနော်တို့ အိန္ဒိယအကူအညီနဲ့ ဗေဒါပင်တွေ ရှင်းလင်းခဲ့တယ်။ ကန်ကို ရေထွက်ရေဝင်ကောင်းအောင် ကန်ရေထွက်မြောင်းကိုလည်း ဒေသခံတွေဟာ နှစ်နှစ်တကြိမ်လောက် ရေလမ်းပိတ်ဆို့မှု မရှိအောင် ရှင်းလင်းခဲ့တာ ပုံမှန်ပါပဲ။ ဒါကိုလည်း အစိုးရက မလုပ်ဖို့ တားမြစ်ခဲ့တယ်လို့ ရိခေါ်ဒါရ် အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန်လျန်နာက ဆိုပါတယ်။ ထူးခြားချက်အနေနဲ့ ကန်ရေနုတ်မြောင်းဟာ သဘာဝမြေအောက် ရေနုတ်မြောင်းအဖြစ် တည်ရှိနေတာတွေ့ရပြီး အဲဒီရေထွက်မြောင်းဟာ အမှတ် (၁) ရပ်ကွက် ဘောလုံးကွင်းအောက်ကနေ ဖြတ်သန်းပြီး တီအိုချောင်းထဲ ဝင်ရောက် စီးဆင်းနေခြင်းပါပဲ။ ရိဒ်ရေကန်နဲ့ပတ်သက်ပြီး အခုလို ဒေသခံတွေနဲ့ ပြည်နယ်အစိုးရရဲ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ဒေသခံတွေက ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က စုပေါင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ချင်းပြည်နယ်ရဲ့ အထင်ကရ အမှတ်အသားတခုအဖြစ် တည်ရှိနေတဲ့ ထူးခြားတဲ့ သဘာဝ အသည်းပုံတည်ရှိနေတဲ့ ရိဒ်ရေကန်ဟာ နှစ်ပေါင်း ၇၀ ကျော် လူ့ပတ်ဝန်းကျင်က စိတ်ဝင်စားမှုနဲ့အတူ အေးချမ်းစွာ တည်ရှိလာခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဧပြီလကနေ စတင်ပြီး ရိဒ်ရေကန်နဲ့ပတ်သက်တဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာခဲ့တာကို ကျနော်တို့ အဖြေရှာဖို့ လျင်မြန်တဲ့ အဖြေရှာမှုတွေ ပြုလုပ်ဖို့ကတော့ အဲဒီဒေသမှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေနဲ့ ချင်းပြည်နယ်အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ ကြားသိ လေ့လာသမျှ သဘောထား ကွဲလွဲမှုတွေကိုလည်း အရှေ့မှာ ပြောခဲ့ပြီဖြစ်လို့ ပြည်နယ်အစိုးရအနေနဲ့လည်း ပြဿနာတခုကို အဖြေရှာရာမှာ ဒေသခံ ပြည်သူတွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားနိုင်မှ ပြီးပြည့်စုံနိုင်မှာ ဖြစ်လို့ ရိဒ်ရေကန် ရေရှည်တည်တံ့ရေး၊ ဒေသခံနဲ့ အစိုးရအကြား တင်းမာမှု ပဋိပက္ခတွေ ပပျောက်စေရေး အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်နိုင်စေဖို့ အဖြေတခုကို ဝိုင်းဝန်း စဉ်းစားနိုင်ရေးအတွက်ကို ပူးပေါင်းလုပ်ဆောင်နိုင်ရေး ချင်းပြည်နယ်ရဲ့ အသည်းပုံ ရိဒ်ရေကန် အဓွန့်ရှည်စေဖို့ စေတနာ အပြုသဘောနဲ့ ဒီဆောင်းပါးနဲ့ ရေးသား အကြံပြုလိုက်ရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024