ဆေးရုံအသစ်များနှင့်ကျန်းမာရေးဌာနများ ထပ်မဆောက်လုပ်ရန် ကျန်းမာရေးဝန်ကြီး ညွန်ကြား
DVB
·
May 8, 2018
လက်ရှိဘဏ္ဍာနှစ်မှာ ဆေးရုံအသစ်တွေနဲ့ ကျန်းမာရေးဌာနတွေကို ဆောက်လုပ်မှာ မဟုတ်ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားမှု ညှိနှိုင်း အစည်းအဝေး မနေ့က နေပြည်တော်မှာ ကျင်းပရာမှာ ဝန်ကြီးက ညွန်ကြားသွားတာလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လွှတ်တော်ကတိကဝတ်အဖြစ် တည်ရှိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ဆဲလုပ်ငန်းတွေကလွဲပြီး ဆေးရုံအသစ်များ၊ ကျန်းမာရေးဌာနများကို ဆောက်လုပ်မှာ မဟုတ်ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူတဲ့အခါမှာလည်း လွန်ခဲ့သော (၃-၄)နှစ်အတွင်း လာရောက်ပြသခဲ့တဲ့ ပျမ်းမျှ လူနာအရေအတွက်ပေါ် မူတည်ပြီး ကျန်းမာရေးဌာနအမျိုးအစား၊ အုပ်စုတွေ ခွဲခြား တွက်ချက်ဝယ်ယူဖြန့်ဖြူးရန် လိုအပ်ကြောင်း ၀န်ကြီးက လမ်းညွှန်မှာကြားသွားပါတယ်။
ဒါ့အပြင် ဘဏ္ဍာငွေတွေကို အရေးကြီးတဲ့လုပ်ငန်း၊ သုံးသင့်တဲ့လုပ်ငန်းတွေမှာ ပိုမိုလျာထားသုံးစွဲဖို့၊ မသုံးသင့်တဲ့ လုပ်ငန်းမှာ မသုံးဖို့၊ ၂၀၁၈ ခုနှစ်ကို "ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နှစ်"အဖြစ် သတ်မှတ်ထားတာနဲ့အညီ ဦးစီးဌာနအသီးသီးမှာ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ဖို့ ဘဏ္ဍာငွေတွေကို ဦးစားပေးလျာထားဖို့ လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသွားပါတယ်။
အဆိုပါအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဒုညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေနဲ့ အခြားတာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တွေရဲ့ ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MH&S