ဒုတိယကမ္ဘာစစ်အတွင်း ဇီဝလက်နက်သုံးခဲ့သည့် ဂျပန်တပ်စိတ်စာရင်း တရုတ်ထုတ်ပြန်

ဓာတ်ပုံ - ရိုက်တာ
ဒုတိယကမ္ဘာစစ်အတွင်း ဇီဝလက်နက်သုံး ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ ဂျပန်တပ်စိတ်စာရင်းကို တရုတ်သမိုင်းပညာရှင်တွေက ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလောင်ကျန်းပြည်နယ်ထဲက ဂျပန်တွေ လျှို့ဝှက်တပ်စိတ်အဖြစ် အသုံးပြုခဲ့တဲ့ ဇီဝစစ်ပွဲ သုတေသနယူနစ် ၇၃၁ ပြတိုက်မှ သုတေသီတွေဟာ ဂျပန်အမျိုးသားသုတေသနပြတိုက်မှ အချက်အလက်တွေနဲ့ ပူးပေါင်း သုတေသနပြု လုပ်ဆောင်မှုတွေကို အချိန်တနှစ်ကျော်ကြာ လေ့လာအပြီး အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဇီဝလက်နက်သုံးတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယူဆရတဲ့ ဂျပန်တပ်စိတ် အမှတ် ၁၈၅၅ ရဲ့ မှတ်တမ်းတွေထဲမှာ  နာမည်တွေ၊ မွေးသက္ကရာဇ်တွေ၊ စစ်မှုထမ်းမှတ်တမ်းတွေနဲ့ တခြားသတင်းအချက်အလက်တွေ ပါရှိပါတယ်။ မှတ်တမ်းတွေအရ အဲဒီတပ်စိတ်မှာ ဂျပန်စစ်သား ၁၂၄၂ ဦး ပါဝင်ပါတယ်။ အဲဒီ ဂျပန်စစ်သားတွေဟာ ကောင်းကင်ဘုရားကျောင်းကနေ မဝေးတဲ့ ဘေကျင်းမြို့ထဲက အဆောက်အအုံတခုမှာ ၁၉၈၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ အလုပ်လုပ်ခဲ့ကြတယ်လို့ တရုတ်သမိုင်းပညာရှင်တွေက ပြောပါတယ်။ “မှတ်တမ်းအရဆို တပ်စိတ် ၁၈၅၅ ပဲ။ တရုတ်မြောက်ပိုင်း ရေသန့်စင်ရေးနဲ့ ကူးစက်ရောဂါ ကာကွယ်ရေးဌာနလို့လည်း သိရတယ်။ ဂျပန်ဧကရာဇ်ရဲ့ တိုက်ရိုက်အမိန့်နဲ့ ဂျပန်စစ်တပ်ကွပ်ကဲရေးရုံး လက်အောက်ကနေ ဖွဲ့စည်းထားတဲ့ ပညာရှင်တပ်ဖွဲ့ပါ” လို့ ဇီဝစစ်ပွဲ သုတေသနယူနစ် ၇၃၁ ပြတိုက်မှ တာဝန်ခံ ကျင်းချန်းမင်က ပြောပါတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာ ဇီဝလက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ဖို့ ဒီဌာနကို ဖွဲ့စည်းခဲ့တာလို့ ရိုက်တာသတင်းက ဆိုပါတယ်။ ဂျပန်ရဲ့ ဇီဝလက်နက်တွေကြောင့် တရုတ်နိုင်ငံတဝှမ်း သေဆုံးသူ ၃ သိန်းကျော် ရှိတယ်လို့လည်း သတင်းက ဆိုပါတယ်။ “ဒီထုတ်ဖော်ချက်ဟာ လျှို့ဝှက်တပ်စိတ်ရဲ့အကြောင်းကို ကျနော်တို့ ပိုသိလာစေတယ်။ ပြောရရင် သူတို့ဘာလုပ်တယ်၊ ဘယ်လိုအုပ်ချုပ်တယ်၊ ဖွဲ့စည်းတယ်၊ လှုပ်ရှားတယ်။ သူတို့ရဲ့ အဓိက ရာဇဝတ်မှုတွေက ဘာတွေလဲဆိုတာ သမိုင်းဝင်ပစ္စည်းတွေကနေတဆင့် သိလာနိုင်မှာပါ” လို့လည်း ပြတိုက်တာဝန်ခံ ကျင်းချန်းမင်က ပြောပါတယ်။ တပ်စိတ် ၁၈၅၅ ရဲ့ အဓိကခေါင်းဆောင်ပိုင်း တော်တော်များများဟာ ဆေးစမ်းသပ်ရာမှာ လူတွေကိုသုံးလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂျပန်လျှို့ဝှက်တပ်စိတ် ၇၃၁ နဲ့ ဆက်နွှယ်နေတာကိုလည်း သုတေသီတွေက တွေ့ရှိထားခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up