ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ပြင်ဆင်
DVB
·
June 19, 2012
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့ ခရီးသွားလုပ်ငန်း ဆိုင်ရာ ပင်မစီမံကိန်း (Master Plan)ကို နော်ဝေနိုင်ငံ အစိုးရနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် တို့ရဲ့ ထောက်ပံ့မှုနဲ့ရေးဆွဲ နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးတင့်ဆန်းက ပြောပါတယ်။
ဇွန် ၁၈ ရက်နေ့ နေပြည်တော်က ဧည့်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံဟာ ဒီနှစ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံးနိုင်ငံ တခု ဖြစ်လာနိုင်ပြီး အရင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးနိုင်တယ်လို့ ပစိဖိတ်အာရှ ခရီးသွားအဖွဲ့က သုံးသပ်ထားတာ ကိုလည်း ၀န်ကြီးက ထည့်ပြောပါတယ်။
မြန်မာပြည်မှာ မနှစ်ကစတင်တဲ့ ဧည့်ဝန်ဆောင်မှု သင်တန်းတွေမှာ သင်တန်းသား ၁၈၀ သင်တန်းဆင်းတဲ့ အနက် နေပြည်တော်က အများစုဖြစ်ပြီး အခုသင်တန်းမှာ ၅၅ ဦး တက်ရောက်မှာ ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ တောင်ကြီး ဒေသတွေမှာလည်း သင်တန်းနှစ်ကြိမ်စီ ဖွင့်ဖို့ စီစဉ်ထားပါတယ် လို့ ၀န်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဒေသဆိုင်ရာပွဲတွေကို လက်ခံကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ဘင်း(မ်) စတက် ထိပ်သီး အစည်းအဝေး၊ လာမယ့်နှစ်မှာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း)၊ ၂၀၁၄ ခုနှစ်မှာ အာဆီယံထိပ်သီး အစည်းအဝေး၊ ၂၀၁၅ ခုနှစ်မှာ အာဆီယံဝန်ကြီးများအဆင့် ဆက်စပ် အစည်းအဝေးတွေနဲ့ အာဆီယံခရီးသွားလုပ်ငန်းပြပွဲတို့ကို အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်ကို မဏ္ဍိုင်ပြုပြီး လက်ခံ ကျင်းပသွားဖို့ ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ထုတ်ပြန်တဲ့ သတင်းမှာ ရေးပါတယ်။