Live
Home
မြန်မာသတင်း
ချင်းပြည်နယ်ဘတ်ဂျက်၏ ထက်ဝက်ကျော် လမ်းပန်းဆက်သွယ်ရေးအတွက် သုံးစွဲခဲ့
DVB
·
May 6, 2018
ချင်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ဘတ်ဂျက် ရန်ပုံငွေရဲ့ ထက်ဝက်ကျော်ကို လမ်းပန်းဆက်သွယ်ရေးအတွက် သုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာမှာ အခုလို ပြောကြားလိုက်တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “ပထမက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးပါ။ နွေမိုးဆောင်း သုံးရာသီ အမြဲတမ်း သွားလာနိုင်သည့် လမ်းဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်နေ ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ အဓိကအားဖြင့် ချင်းပြည်နယ် မြောက်ပိုင်း အစွန်ဆုံး တီးတိန်မြို့နယ် ကျီးခါးမြို့က တောင်ပိုင်းအစွန်ဆုံး ပလက်ဝမြို့နယ် ဆမီး အထိ ရာသီမရွေးသွားလာနိုင်တဲ့ လမ်း ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ ဒီလမ်းကို ချင်းပြည်နယ်ရဲ့ ကျောရိုး မဏ္ဍိုင်လမ်း ဖြစ်အောင် ဆောင်ရွက်ပါတယ်၊ ချင်းပြည်နယ် အစိုးရရဲ့ ဘတ်ဂျက် ၅၂ ရာခိုင်နှုန်းကို လမ်းပန်း ဆက်သွယ်ရေးကဏ္ဍအတွက် အသုံးပြုနေပါတယ်”လို့ ပြောပါတယ်။ ချင်းပြည်နယ်ဟာ ကုန်းပိတ်ပြည်နယ်ဖြစ်နေတဲ့အတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါ ပလက်ဝမြို့ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုရမ်ပူရ်အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကိုလည်း ကြိုးစားဖောက်လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးတော့ မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံအကူအညီနဲ့ ရိခေါဒါရ်ဈေး ကနေ မြန်မာနိုင်ငံ တီးတိန်မြို့နယ်အထိ လမ်းအူကြောင်းအသစ် ရှာဖွေ လမ်းသစ်ဖောက်ပြီး ကတ္တရာလမ်း ခင်းမှာဖြစ်သလို ဖလမ်းမြို့နယ် လေးလက်ရွာနဲ့ အိန္ဒိယနိုင်ငံ ဗာဖိုင်မြို့ နယ်စပ်ဈေး ဖွင့်ဖို့အတွက်လည်း နှစ်နိုင်ငံ သဘောတူပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်နှစ်တာကာလအတွင်း လမ်းတံတား ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွဋ်က “နှစ်နှစ်တာ ကာလအတွင်းမှာ ကတ္တရာလမ်းအသစ် မိုင် ၁၁၀ လောက် ခင်းနိုင်ခဲ့တယ်။ ရာသီမရွေးသွားလို့ရတဲ့ လမ်းအနေနဲ့ ၁၃၉ မိုင်လောက် ဆောင်ရွက် နိုင်ခဲ့တယ်။ ပေ ၁၈၀ အထက် တံတားကြီးတွေဆိုရင် ငါးစင်းတည်ဆောက်နိုင်ခဲ့တယ်။ မိုးတွင်းမှာ အဓိကစိန်ခေါ်မှုက တောင်ပြိုတာ၊ လမ်းသားပဲ့တာတွေပါ။ တောင်ပြိုတာကို JICA က ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ နည်းပညာ လာကူညီပေးတယ်၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အပြီးမှာတော့ မြေပြိုမှုကို ရာနှုန်းပြည့်နီးပါး ထိန်းသွားနိုင်မယ်လို့ ကျနော် ထင်ပါတယ်”လို့ ပြောပါတယ်။ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးကလည်း ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄ မိုင် နိုင်လွန်ကတ္တရာခင်းတာကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင်ဖို့ ကမ္ဘာ့ဘဏ်နဲ့ သဘောတူညီမှု ရထားပြီး ရန်ပုံငွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ မီလီယံ ရှိတယ်လို့လည်း  ပြောပါတယ်။ ချင်းပြည်နယ်မှာ မြို့ ၁၅ မြို့ရှိပြီး ၆ မြို့ကို မဟာဓာတ်အားလိုင်းက လျှပ်စစ်ရရှိဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့ ၄ မြို့အတွက်ကိုတော့ ရေအားလျှပ်စစ်ကနေ ဓာတ်အားဖြန့်ဖြူးနိုင်ဖို့ စီစဉ်နေတယ်လို့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။ “နောက်ထပ် မြို့ကြီး ၃ မြို့ ကိုပါ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ပြည်နယ် အစိုးရ သက်တမ်း ငါးနှစ်အတွင်းမှာ ချင်းပြည်နယ်က မြို့အားလုံးနီးပါး ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားနိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024