Home
မြန်မာသတင်း
စစ်ပွဲရပ်တန့်ရေးနှင့် ပိတ်မိပြည်သူများ ကယ်ထုတ်ပေးရေး ပြည်မှကချင်အထိ လမ်းလျှောက်ဆန္ဒပြ
မင်းညို
·
May 6, 2018
ကချင်ပြည်နယ်က စစ်ပွဲတွေရပ်တန့်ပေးဖို့နဲ့ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးဖို့အတွက် ပြည်မြို့ခံ ၂ ယောက်က ကချင်ပြည်နယ်အထိ လမ်းလျှောက်ဆန္ဒပြနေကြပါတယ်။ ကချင်ပြည်နယ်ထဲ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်းက တိုင်းရင်းသားတွေ ဒုက္ခရောက်ပြီး ပိတ်မိနေကြတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာလို့ ပြောပါတယ်။ “အခုရက်တွေမှာ သူတို့အတွက် စားဖို့တောင် အစဆင်မပြေတော့တဲ့ အနေအထားမှာ ရှိပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ဘယ်လောက်တောင် ဒုက္ခရောက်လိမ့်မလဲဆိုတာ စဉ်းစားလို့မရနိုင်အောင်ဘဲ ခံစားရပါတယ်။ ကိုယ့်မိသားစုဝင်တယောက် ဒုက္ခရောက်နေတာကို ဒီအတိုင်းကြည့်မနေနိုင်လို့ အခုလို တောင်းဆိုရတာပါ” လို့ ဆန္ဒပြသူ ကိုမေတ္တာဦးက ဆိုပါတယ်။ “ဒီလမ်းခရီးက ကြမ်းတမ်းတယ်ဆိုတာ အခု ကချင်ပြည်သူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ အစိုးရကို ပြောချင်တာက စစ်ပွဲရပ်တန့်ဖို့အတွက် စစ်တပ်ကို အမိန့်ပေးပါ။ ဒီကြားထဲမှာ စစ်ပွဲတွေရပ်ရင် (ဒါမှမဟုတ်)၊ ပိတ်မိသူတွေကို ကယ်ထုပ်နိုင်ခဲ့မယ်ဆိုရင်တောင် ကျနော်တို့ ကျေနပ်ပါပြီ” လို လမ်းလျှောက်ဆန္ဒပြသူ တခြားတဦးက ပြောပါတယ်။ ဆန္ဒပြပွဲကို ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကနေ စတင်ခဲ့ပြီး လမ်းလျှောက်ပွဲမစခင်မှာ လိုက်ပါဝန်းရံသူတွေက လက်ကမ်းစာဆောင်တွေ ဝေငှတာ၊ ဟောပြောတာ၊ စစ်ပွဲတွေရပ်ဖို့ ကြွေးကြော်တာတွေပြုလုပ်ခဲ့ပြီး ပြည်မြို့အထွက် တာဂွထိတ်အထိ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ သူတို့ ၂ ယောက်ဟာ ပြည်မြို့ကနေ အောင်လံ၊ အဲဒီကနေ မကွေးတိုင်း၊ မန္တလေးတိုင်းတွေကိုဖြတ်ပြီး ကချင်ပြည်နယ်မြစ်ဆုံအထိ ချီတက်လမ်းလျှောက်တောင်းဆို ဆန္ဒပြသွားမှာဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024