Home
မြန်မာသတင်း
ကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမည့် မဲဇာချောင်းကူးတံတား ကိုယ်ထူကိုယ်ထ တည်ဆောက်
DVB
·
May 5, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အစပ် ကျောက်မဲတောင် ဘုန်းတော်ကြီးကျောင်းအနီးရှိ မဲဇာချောင်းအား ကျေးရွာပေါင်း ၇၀ က နွေမိုးဆောင်းသွားလာရန် ကျပ်သိန်း ၃၀၀၀ လောက်ကုန်ကျမယ့် မဲဇာချောင်းကူးတံတားကို   ကိုယ်ထူကိုယ်ထ တည်ဆောက်နေတယ်လို့ ကျောက်မဲတောင်ဆရာတော် ဥူးပညာဝံသ က မိန့်ကြားခဲ့ပါတယ်။ “ဒီတံတားပြီးသွားရင် ကျောက်မဲတာင် အနောက်ဘက်က ရွာပေါင်း ၇၀ လောက်က ကျန်းမာရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အများကြီး အထောက်အကူ ပြုပါတယ်။ ဘုန်းကြီးအနေနဲ့ အလှူငွေကတော့ သူတို့ရဲ့စိတ်စေတနာ သဒ္ဓါတရား ထက်သန်လာတဲ့ ငွေနဲ့ပဲလုပ်ပါတယ်။ ဘယ်မှာမှ အလှူခံလည်း မထွက်ပါဘူး။ ဒီတံတားက သံကူကွန်ကရစ် အမျိုးအစားပါ ကုန်ကျစရိတ်က သိန်းသုံးထောင်လောက်ကုန်မယ် ခန့်မှန်းထားပါတယ်”လို့ မိန့်ကြားခဲ့ပါတယ်။ “ဆရာတော်က နိုင်ငံတော်ကို အားကိုးချင်တာပေါ့ဗျာ။ အရင်တခါ လူကြီးတွေခရီးစဉ်မှာလဲ ဆရာတော်က တောင်းဆိုခဲ့တယ်။ ဒါပေမယ့် နိုင်ငံတော်က အကြောင်း အမျိုးမျိုးကြောင့်မို့ မချပေးခဲ့နိုင်ဘူး။ ဆရာတော်က ဇွဲမလျော့ပါဘူး။ ဆရာတော် ဇွဲမလျော့သည့်တိုင် ကျနော်တို့ကလည်း သာသနာပြန့်ပွားရေး တပိုင်း ဒေသခံတွေ သွားရေးလာရေး အဆင်ပြေဖို့ တပိုင်းဆိုတော့ ကောင်းတဲ့အလုပ်ဆိုပြီး အင်နဲ့အားနဲ့ ကြိုးစား ခဲ့ပါတယ်” လို့ အင်းတော်မြို့နယ် သီလရွာမှ ဦးသိန်းထွန်း ကဆိုပါတယ်။ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်နယ်ကြား ကျောက်မဲတောင်ဘုန်းတော်ကြီး ကျောင်းအနီးရှိ မဲဇာချောင်းပေါ်မှာ လူသွားလမ်းအကျယ်(၁၄)ပေ၊ အလျား(၂၄၀)ပေ၊ အနံ(၂၅)ပေ၊ သံကူကွန်ကရစ်၊ သံဘောင်ယက်မတင် တံတားအမျိုးအစားကို နိုင်ငံတော်ရဲ့ ကူညီထောက်ပံပေးမှုမပါဘဲ ကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမယ့် မဲဇာချောင်းကူး တံတားကို ဒီဇင်ဘာ ၂၉ ရက် ၂၀၁၆ ခုနှစ်က စတင်ပြီး မေလ ၁၉ ရက် ၂၀၁၉ အပြီး ကိုယ်ထူကိုယ်ထ တည်ဆောက်နေခြင်းဖြစ်ပြီး ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024