Live
Home
မြန်မာသတင်း
မုံရွာမြို့တွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြရန် ကမ်ပိန်းပြုလုပ်
Aung Ko Latt
·
May 5, 2018
  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့ လှုပ်ရှားမှုတခုကို မေလ ၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင် ညီဂျော်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ မုံရွာမြို့က တက်တူးချစ်သူတွေ၊ ဆိုင်ကယ်ချစ်သူတွေ၊ လူမှုကူညီရေးအသင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့ လှုပ်ရှားမှုကို ဆိုင်ကယ်အစီးရေး ၂၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ကယ်စီးသူတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာတတ်စေဖို့၊ ဆိုင်ကယ်စီးရာမှာ အရည်အသွေးကောင်းပြီး မိမိအသက်ကို ကာကွယ်နိုင်တဲ့ ဦးထုပ်ကို မေးသိုင်းကြိုး စနစ်တကျတပ်ဆင်ပြီး စီးတဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်လာစေဖို့၊ ဆိုင်ကယ်တစီးကို ၂ ယောက်ထက်ပိုမစီးဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာပါ။ တနိုင်ငံလုံးမှာ နေ့စဉ်ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှ လူ ၁၅ ဦးလောက်သေဆုံးနေပြီး လူ ၇၀ ကျော်ဒဏ်ရာရရှိနေပါတယ်။ ၂၀၁၈ ခုနှစ်၊ မတ်လကုန်အထိ တနိုင်ငံလုံးမှာ ယာဉ်တိုက်မှုပေါင်း ၄၅၉၉ မှုဖြစ်ပွားခဲ့ပြီး ၇၀၉၈ ဦးဒဏ်ရာရရှိခဲ့ကာ ၁၄၄၂ ဦးထိသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ဧပြီလကုန်အထိ ယာဉ်တိုက်မှုပေါင်း ၅၄၆ မှုဖြစ်ခဲ့ကာ ၉၉၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၈၀ ဦး သေဆုံးခဲ့တာပါ။ စစ်ကိုင်းတိုင်းအတွင်းက ယာဉ်တိုက်မှုတွေအနေနဲ့ မော်တော်ယာဉ်ကြောင့် ၂၅ ရာခိုင်နှုန်း၊ ဆိုင်ကယ်ကြောင့် ၄၈ ရာခိုင်နှုန်း၊ အခြားယာဉ်တိုက်မှုကြောင့် ၂၆ ရာခိုင်နှုန်း ဖြစ်ပွားနေပြီး ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်က ပိုမိုများပြားနေတာဖြစ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ဆိုင်ကယ်ဦးထုပ်ကမ်ပိန်းကို မုံရွာမြို့၊ မြို့တော်ခန်းမရှေ့ကနေစတင်ကာ သာစည်လမ်း၊ ပေ ၈၀ လမ်း၊ ကျောက္ကာလမ်း၊ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်းတို့အတိုင်းလှည့်လည်ခဲ့ပြီး ကန်သာယာမှာ ပြီးဆုံးခဲ့ပါတယ်။ လူစည်ကားရာနေရာတွေဖြစ်တဲ့ သာစည်ဈေး၊ သံလမ်းဈေးနဲ့ ချင်းတွင်းရတနာဈေးရှေ့တွေမှာလည်း ဦးကျော်သူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောမှုတွေပြုလုပ်ခဲ့ပြီး ပြည်သူတွေနဲ့လည်း အမေးအဖြေတွေပြုလုပ်ခဲ့သလို ဆိုင်ကယ်ဦးထုပ်တွေ၊ လက်ကမ်းကြော်ငြာတွေ၊ စတေကာတွေကိုလည်း ပေးဝေခဲ့ပါတယ်။ အခုလိုလုပ်ဆောင်တဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းနဲ့ပတ်သက်ပြီး မုံရွာမြို့မှာ အထိုက်အလျောက် အသိပညာဗဟုသုတတွေရရှိမယ်လို့လည်း မျှော်လင့်နေကြပါတယ်။ နောက်ထပ်လည်း အခုလို ကမ်ပိန်းတွေကို လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024