၁၁၅ မိုင် ပိုင်အိုးနီးယား စားသောက်ဆိုင် ၀န်ထမ်းလိုင်းခန်း မီးလောင်
DVB
·
May 5, 2018
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း ပိုင်အိုးနီးယား စားသောက်ဆိုင်ရဲ့ ဝန်ထမ်းလိုင်းခန်းမှာ မနေ့ည ၈ နာရီလောက်က မီးလောင်မှုခဲ့တယ်လို့ ဖြူးမြို့နယ်မီးသတ်ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
မီးလောက်ကျွမ်းမှုကြောင့် ပိုင်အိုးနီးယားစားသောက်ဆိုင်ရဲ့ ဝန်ထမ်းအမျိုးသားတွေ နေထိုင်တဲ့ အလျှားပေ ၁၀၀၊ အနံပေ ၂၀ လောက်ရှိတဲ့ တထပ်အဆောက်ဦတခု ပျက်စီးဆုံးရှုံးခဲ့ပြီး သေကျေဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ဆိုပါတယ်။
ဖြူးမြို့နယ်မီးသတ်ဌာန တာဝန်ရှိသူတဦးက "ဝန်ထမ်းလိုင်းခန်းလောင်တာပါ။ ဖုန်းအားသွင်းထားပြီးတော့ ဖုန်းကနေ အပူလွန်ကဲပြီးလောင်တာပါ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတော့ မသိရသေးပါဘူး။ မီးပေါ့စမှုနဲ့ပဲ ရဲက တရားလိုလုပ်ပြီး အမှုဖွင့်ရမှာပါ" လို့ ဒီဗွီဘီကိုပြောပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီး၊ မီးသတ်အင်အား ၁၅ ဦးနဲ့ မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း ကျော်အောင်(ကညွတ်ကွင်း)