Home
မြန်မာသတင်း
အမျိုးသမီးအဖွဲ့အစည်းအားလုံးပါဝင်သည့် အစည်းအဝေးတရပ် ခေါ်ယူမည်
DVB
·
May 4, 2018
အမျိုးသမီးအဖွဲ့အစည်းအားလုံးပူးပေါင်းပြီး အစည်းအဝေးတရပ်ခေါ်ယူပေးချင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး  ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းရဲ့ (၂၃) ကြိမ်မြောက် နှစ်ပတ်လည် အထွေအထွေညီလာခံမှာ တက်ရောက်ပြော ကြားခဲ့တာဖြစ်ပါတယ်။ “အမျိုးသမီး NGO တွေ၊ INGOတွေ အဖွဲ့အစည်းတွေများစွာရှိပါတယ်။ ဒီအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းတဲ့ အစည်းအဝေးတစ်ရပ်ကို ကျနော်တို့ တိုင်းဒေသကြီး အစိုးရဘက်ကနေခေါ်ယူပြီး ပေါင်းစပ်ညှိနှိုင်းတဲ့ အစည်းအဝေးတစ်ရပ် လုပ်ပေးချင်ပါတယ်။ မတူညီတဲ့နယ်ပယ်တွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု တစ်ခုရမယ်ဆိုရင် ခွန်အားတစ်ခု ရလာနိုင်ပါတယ်။ ဒီခွန်အားက ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အရေးကြီးတဲ့ ခွန်အားတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေအများစုရဲ့ စွမ်းဆောင်ရည်ကိုလည်း ထုတ်ဖော်ပြသနိုင်မှုတစ်ခု ရှိလာမှာ ဖြစ်ပါတယ်”လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ အင်မတန် အရေးကြီး ကြောင်းနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ လူနေမှုဘဝမြှင့်တင်နိုင်တာနဲ့ အတူတူပဲ ဖြစ်တယ်လို့လည်းဆိုပါတယ်။ ရန်ကုန်မှာ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်အသင်းအင်အား ၂၀၀၀ ကျော်လောက် ရှိတယ်ဆိုတာဟာ နည်းသည့်အင်အားမဟုတ်ကြောင်း၊ ဒီအသင်းကြီးကနေ တစ်ဆင့်အမျိုး သမီးတွေအားလုံးကို စုစည်းပေါင်းစည်းနိုင်ပြီး စီးပွားရေးကဏ္ဍနယ်ပယ် ဖွံ့ဖြိုးတိုး တက်ရေးလုပ်နိုင်မယ်ဆိုရင်  ရန်ကုန်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်မယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းရဲ့ (၂၃) ကြိမ်မြောက် နှစ်ပတ်လည် အထွေအထွေ အစည်းအဝေးမှာ စီးပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်ရီရီမြင့်၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024