Home
မြန်မာသတင်း
ကုလားတန်မြစ်ကြောင်းအတွင်း အေအေတပ်ဖွဲ့နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်
နော်နိုရင်း
·
May 4, 2018
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ကြောင်းအတွင်း ရက္ခိုင့်တပ်မတော် (အေအေ)တပ်ဖွဲ့နဲ့  မြန်မာတပ်မတော်တို့ မေ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ပြည်နယ် မင်းပြားအခြေစိုက် ခမရ (၅၄၁) တပ်ရင်းက  နယ်မြေရှင်းလင်းဖို့အတွက် အေအေတပ်ဖွဲ့အခြေစိုက် နေရာတွေကို ဝင်ရောက်တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရက္ခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောပါတယ်။ “တိုက်ပွဲက မနေ့ ၃ ရက်နေ့ မနက် ၉ နာရီလောက်ကနေ ၁၀ နာရီလောက်ထိ မိနစ် ၅၀ ကြာတိုက်ပွဲဖြစ်တယ်။ ကုန်ပြင်ရွာနဲ့ ၂ ကီလိုမီတာခန့်အကွာမှာဖြစ်တယ်။ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ ရက္ခိုင့်တပ်မတော် အခြေပြုထားတဲ့ တပ်ထဲကို သူတို့ မြန်မာ့တပ်မတော်ကနေပြီးတော့ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီးတော့မှ ၀င်ရောက်လာတဲ့အတွက် ကြောင့် တိုက်ပွဲဖြစ်ကြတာ။ ” ဒီတိုက်ပွဲဟာ ပလက်ဝမြို့နယ်အထက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်၊ ကုန်ပြင်ရွာမြောက် ဖက် ၂ ကီလိုမီတာအနီး ကုလားတန်မြစ်ကြောင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ နေ့လယ် ၁၂ နာရီလောက်အထိ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီတိုက်ပွဲကြောင့် အစိုးရတပ်မတော်ဘက်က ၄ ဦး ကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ ရက္ခိုင့်တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုမရှိဘူလို့ ဦးခိုင်သုခက ပြောပါတယ်။ နှစ်ဖက် သေဆုံးဒဏ်ရာရတွေနဲ့ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို  တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီတိုက်ပွဲဟာ ၂၀၁၈ ခုနှစ်အတွင်း အေအေနဲ့ မြန်မာတပ်မတော်တို့အကြား  ပထမဆုံးတိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး နှစ်ဖက်တပ်တွေအကြား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်ထဲမှာ နောက်ဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဧရာဝတီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024