Home
မြန်မာသတင်း
စာကြည့်တိုက် ယဉ်ကျေးမှု ပြန်လည်ထွန်းကားရေး အစိုးရ  ကြိုးစားဆောင်ရွက်နေ
DVB
·
May 3, 2018
  အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စာကြည့်တိုက်ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာစေရေး ကြိုးစားဆောင်ရွက်နေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မေ ၃ ရက်မနက် နေပြည်တော်မှာ လုပ်ခဲ့တဲ့ ၁၇ ကြိမ်မြောက် အရှေ့တောင် အာရှစာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “လက်ရှိကာလမှာ မိမိတို့အစိုးရက မြန်မာနိုင်ငံမှာ စာကြည့်တိုက် ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာစေရေး ကြိုးစားဆောင်ရွက်နေပါတယ်၊ စာကြည့်တိုက်များ ပြောင်းလဲ တိုးတက်လာစေရေးအတွက် စာကြည့်တိုက်မှူးများရဲ့ စိတ်အားထက်သန်မှုတွေလည်း မြင့်မားလာနေတယ်။ ဒီနေ့ရောက်ရှိနေတဲ့ ပညာခေတ်ကြီးမှာ စာကြည့်တိုက်တွေရဲ့ အခန်းကဏ္ဍတွေလည်း ပြောင်းလဲလာတယ်။ စာကြည့်တိုက်တွေဟာ  သတင်းအချက်အလက်နဲ့ ပညာရှာမှီးဖို့  အဓိက သော့ချက်ကျတဲ့ နေရာများအဖြစ် ရောက်ရှိနေပြီ ဖြစ်တယ်။” ဒါ့အပြင် သူက  လူ့အဖွဲ့အစည်းအတွက် စာကြည့်တိုက်တွေဟာ သုတပညာနဲ့ ယဉ်ကျေးမှုကို ဝင်ရောက်ရှာဖွေလို့ ရတဲ့နေရာအဖြစ် အခြေခံကျတဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေပြီလို့လည်း ပြောသွားပါတယ်။ ပြည်တွင်းမှာ စုဆောင်းထိန်းသိမ်းထားတဲ့ ပေပုရပိုက်များ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နဲ့  အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှစ်နေရာလုံးက တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့လယ်မှာ တည်ရှိပြီး ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားတဲ့ ကိုလိုနီခေတ်အဆောက် အအုံတစ်ခုမှာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ခေတ်မီစာကြည့်တိုက်သစ်တခုအဖြစ် ဖွင့်လှစ်ဖို့လည်း အစိုးရက  ပြန်လည်ပြင်ဆင် မွမ်းမံနေပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ စာကြည့်တိုက်မှူးများ ညီလာခံဟာ အာဆီယံနိုင်ငံများက စာကြည့်တိုက်များ၊ စာကြည့်တိုက်သင်တန်း ကျောင်းများ၊ စာကြည့်တိုက်အသင်းအဖွဲ့များနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းများအတွက် ဒေသဆိုင်ရာညီလာခံတရပ် ဖြစ်ပါတယ်။ ညီလာခံကို ဧပြီ ၄ ရက်ကစပြီး နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024