ကျန်းမာရေးအတွက်မစိုးရိမ်ကြရန် သမ္မတဟောင်း ဦးထင်ကျော်ပြော
နေဖြိုးဝင်း
·
May 3, 2018
မကြာသေးခင်လပိုင်းကမှ တာဝန်ကအနားယူသွားတဲ့ နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်က သူ့ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး ကျန်းမာရေးအတွက် မစိုးရိမ်ကြဖို့ ပြောကြား လိုက်ပါတယ်။
ဒီကနေ့ မေလ ၃ ရက်က နေပြည်တော်ရှိ MICC II မှာ ပြုလုပ်တဲ့ အာဆီယံ စာကြည့်တိုက်မှူးညီလာခံမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေဆိုတာပါ။
“မစိုးရိမ်ပါနဲ့လို့၊ ကျန်းမာရေးကောင်းပါတယ်။ တချို့လည်း စိုးရိမ်စိတ်နဲ့ပြောကြတာပေါ့။ ကျန်းမာပါတယ် ကျနော်၊ မြင်တဲ့အတိုင်းပါပဲ။ ကျနော်အခုတော့ စာပေကိစ္စလေးလုပ်နေပါတယ်။ ကျနော်အဖေထားခဲ့တဲ့ စာအုပ်စာပေရှိတဲ့ဟာလေး အဲဒါတွေ ပြန်ပြီးတော့စာရင်းတွေ ပြန်ခွဲ နောက်ပိုင်းတတ်နိုင်ရင် မှတ်တမ်းလေးတွေရေးဖို့ စီစဉ်နေပါတယ်။ နေပြည်တော်မှာပဲ နေဖြစ်ပါ တယ်။ အခုနေပြည်တော်မှာပဲ။ ဘာပဲပြောပြော သူတို့ စိုးရိမ်စိတ်နဲ့ မေးကျတဲ့ဟာကို ကျေးဇူးတင် ပါတယ်။ စိတ်မပူကြပါနဲ့ ကျန်းမာရေးကောင်းပါတယ်ဆိုတာပြောပေးပါ။ အားလုံးကိုလည်း သတိရပါတယ်”လို့ ဦးထင်ကျော်က ပြောပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ နိုင်ငံရဲ့အကြီးအကဲ သမ္မတတာဝန်ကို ၂၀၁၆ ခုနှစ် မတ်လက စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်မှာ ရာထူးတာဝန်ကနေ နုတ်ထွက် အနားယူခဲ့တာဖြစ်ပါတယ်။