မီးလောင်မင်္ဂလာဈေး ပြန်တည်ဆောက်ရန် ပန္နက်တင်
ရန်နိုင်ဇော်ဝင်း
·
May 3, 2018
မီးလောင်ခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာဈေးသစ် တည်ဆောက်ရေးစီမံကိန်း ပန္နက်တင် အခမ်းအနားကို ဒီကနေ့မနက် ပြုလုပ်ရာမှာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် တက်ရောက်ပြီး ပန္နက်ရိုက်ခဲ့ပါတယ်။
“ဒီဈေးသစ်ကို လပေါင်း ၃၀ နဲ့ အပြီးတည်ဆောက်သွားမယ်”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
အခု ဈေးသစ်ပြန်ဆောက်ဖို့အတွက် ဆန်းမြတ်ထွန်းကုမ္ပဏီက တင်ဒါအောင်မြင်ထားပြီး ၁၅ ထပ် အမြင့်ထိ တည်ဆောက်မှာပါ။
အရင်ဈေးနေရာ အပြင်အနားမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ်နေရာ ကိုပါ တိုးချဲ့တည်ဆောက်မှာ ဖြစ်လို့ မကြာသေးခင်ကပဲ ဘဏ်ကို ဖြိုဖျက်ထားပြီ ဖြစ်ပါတယ်။
ဈေးသစ်တည်ဆောက်ရေးအတွက် ၂ နှစ်ကျော်လောက်ကြာမှာဖြစ်ပြီး ကျပ်သိန်းပေါင်း ၆၈၀၀ လောက်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
မင်္ဂလာဈေးဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဒုတိယအကြိမ် မီးလောင်ခဲ့ပြီး ၂ နှစ်ကျော် အကြာမှာ ပြန်လည်တည်ဆောက်ဖို့ စတင်လာတာ ဖြစ်ပါတယ်။
ဈေးတည်ဆောက်ရေး ညှိနှိုင်း အဆင်မပြေတာ၊ ကြန့်ကြာတာတွေကြောင့် ဈေးသူဈေးသားတွေက အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုခဲ့ပါသေးတယ်။