Home
ရုပျသံ
အမှန်တရား၊ လူ့ဂုဏ်သိက္ခာနှင့် တရားဥပဒေစိုးမိုးရေး - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
May 2, 2018
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုထားတာကို မကြာခင်က ဒု-ရဲမှူး မိုးရန်နိုင်က သူတို့ကို ထောင်ဖမ်းခဲ့တယ်လို့ တရားရုံးမှာ ပြောခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အမှန်တရား ရှာဖွေတာတွေ၊ လူ့ဂုဏ်သိက္ခာတွေနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဒီအမှုကိစ္စက မြန်မာပြည်တင်မကပါဘူး၊ တကမ္ဘာလုံးကပါ အာရုံစိုက်နေတယ်။ သတင်းသမားတွေ သတင်းအလုပ် လုပ်တယ်။ အဲဒါကို ဗြိတိသျှကိုလိုနီလက်ထက်က ဥပဒေနဲ့ စွဲတယ်။ စစွဲကတည်းက အဲဒီအမှုက တကယ်စွဲဖို့ ထိုက်တန်သလား၊ နောက်တခုကလည်း လုံခြုံရေးတပ်ဖွဲ့ထဲက ဒု-ရဲမှူးတယောက်ရဲ့ ထွက်ဆိုချက်က အဲဒါဟာ သူတို့ကို ထောင်ချောက်ဆင် ဖမ်းပါတယ်လို့ ပြောပါတယ်။ အခု သူ့ကို တင်ထားတာကတော့ မယုံကြည်ရတဲ့ သက်သေပေါ့။ အဲဒါနဲ့ပတ်သက်လို့ မြန်မာပြည်မှာ လူတွေအရမ်းစိတ်ဝင်စားနေတယ်။ ဒု-ရဲမှူးကလည်း ဒီလိုပြောရခြင်းဟာ သူ့ရဲ့ ဂုဏ်သိက္ခာကြောင့်ပေါ့။ ပထမဆုံး သိချင်တာက ဒီအမှုဟာ တကယ်ရော စွဲထိုက်ရဲ့လား၊ ဒု-ရဲမှူးအပေါ် ဘာတွေသက်ရောက်မှုရှိလဲ ဥပေဒအမြင်အရ ဆရာ စပြီးသုံးသပ်ပေးပါဦး။” ဦးခင်မောင်ဇော် (တရားလွှတ်တော်ရှေ့နေ) “ကျနော်က Official Secret Act နဲ့ စွဲထားတဲ့​ ရိုက်တာသတင်းထောက် ကိုဝလုံးတို့ အမှုကို လိုက်တာပါ။ ကျနော်တို့ရှေ့နေတွေမှာ ကျင့်ဝတ်ရှိပါတယ်။ တရားရုံးနဲ့ ပတ်သက်ရင် အကုန်လုံးကို ချုပ်နှောင်ထားတဲ့ တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေ ဆိုတာလည်း ရှိပါတယ်။ အခုတော့ ဥပဒေဖြစ်သွားပါပြီ။ အရင်ကတော့ အက်။ အဲဒါကို ပြောင်းလိုက်တယ်။ အဲဒီမှာလည်းပဲ စစ်ဆေးစီရင်ဆဲ အမှုတခုကို တရားသူကြီးကို သဘောထား ပြောတယ်၊ သို့မဟုတ် တရားသူကြီးကို သြဇာလွှမ်းမိုးဖို့အတွက် ဘယ်နေရာမှာမဆို သူ့ရဲ့ သဘောထားမှတ်ချက်တွေကို ပေးရင် ဘယ်သူမဆိုပေါ့။ သတင်းဌာနက လွှင့်တဲ့အခါမှာလည်း ဒီကိစ္စတွေက ငြိသွားနိုင်တာ ရှိပါတယ်။ ကိုဝလုံးတို့ အမှုကို Offical Secret Act နဲ့ စွဲတာ စွဲသင့်လား၊ မစွဲသင့်ဘူးလား ဆိုတာကျတော့ ကျနော်က ဒီအမှုနဲ့ ပြောလို့မရဘူး။ ယေဘုယျတော့ ပြောနိုင်ပါတယ်။ ဒု-ရဲမှူး မိုးရန်နိုင် ကိစ္စနဲ့ ပတ်သက်လို့လည်းပဲ ကျနော့် Comment မပေးနိုင်ဘူးပေါ့ဗျာ။ ကျနော့် Comment ပေးလိုက်ခြင်းအားဖြင့် စစ်ဆေးစီရင်ဆဲ အမှုတခုကို ကျနော့်ရဲ့သဘောထား ပေးပြီးတော့ သြဇာလွှမ်းမိုးဖို့ သို့မဟုတ် တနည်း Influence ဖြစ်အောင်လုပ်တယ် ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ယေဘုယျအားဖြင့် ဒီအမှုမျိုးတွေက သတင်းထောက်တွေနဲ့ ဆိုင်သလား၊ နိုင်ငံတကာမှာရော ဘယ်လိုရှိလဲ ကျနော် အဲဒါ ပြောပါမယ်။ ဒု-ရဲမှူးမိုးရန်နိုင်ကို Hostile ကြေညာဖို့လုပ်တဲ့ကိစ္စမှာ Hostile ကြေညာတဲ့ သဘောသဘာဝ နှစ်ခုကို ကျနော် ပြောပါမယ်။ Official Secret Act က ကိုလိုနီခေတ်ကတည်းက အိန္ဒိယမှာ စပါတယ်။ အင်္ဂလိပ်က အိန္ဒိယကို အုပ်စိုးထားတဲ့အတွက် Official Secret Act နဲ့ အိန္ဒိယကစပြီး မြန်မာပြည်ကို ဆက်ပြီး ပြန့်လာတာပါ။ အဲဒီအချိန်မှာ အိန္ဒိယမှာလည်း ပထမကမ္ဘာစစ်အပြီးမှာ ဗြိတိသျှအင်ပါယာကို အပြိုင်အဆိုင် ယှဉ်ပြိုင်တိုက်ခိုက်မယ့် အလားအလာတွေကလည်း ရှိနေတဲ့အချိန်ပေါ့။ လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်မျိုးပေါ့။ ဗြိတိသျှအစိုးရက သူ့ရဲ့ နေမဝင်အင်ပါယာကြီးထဲမှာ သူလျှိုလုပ်မယ့်လူတွေ၊ အတွင်းထဲ သူ့ဝန်ထမ်းတွေကနေ သတင်းကို ခိုးပြီးတော့ ရန်ဘက်နိုင်ငံကို ပေးမှာတွေ ကိုလိုနီအစိုးရက တော်တော်ကြောက်တယ်။ ကိုလိုနီနီနိုင်ငံတွေမှာ အဲဒီလိုဖြစ်မှာ ကြောက်တဲ့အတွက် ထုတ်လိုက်တဲ့ကိစ္စပါ။ အဲဒီအချိန်မှာ သတင်းသမားတွေကို အရေးယူဖို့ ဆိုတဲ့ ရည်ရွယ်ချက် မရှိဘူး။ ကိုယ့်ထဲက သတင်းကို သူလျှိုလုပ်ပြီး အကူအညီပေးပြီးတော့ အချက်အလက်တွေ ပေးတယ်။ အဲဒါမျိုးနဲ့ လုပ်တာ။ အဲဒီမှာ နည်းနည်းလေး ကွာတာတခုက အိန္ဒိယမှာ Rights to Information သတင်းလွတ်လပ်ခွင့်အက်ဥပဒေ ဆိုတာ ရှိတယ်။ နောက် တခြားနိုင်ငံတွေမှာလည်း အဲဒီလိုရှိတယ်။ မရှိတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာပဲ မှီပြီးတော့ တရားသူကြီးက အိန္ဒိယက အမှုတခုမှာ သတင်းထောက်မလေးတယောက်ဟာ စစ်တပ်အတွင်း အထက်အရာရှိတွေက အောက်ကလူတွေကို ခွဲခြားဖိနှိပ်တဲ့ကိစ္စတွေကို စစ်တပ်ထဲကို ဝင်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ အဲဒီမှာ သူ့ကို Official Sercret Act နဲ့ စွဲတယ်။ ဒါက Constitution မှာ ပါပြီးတော့ Constitutional Right လည်း ဖြစ်တယ်။ ဥပဒေကိုလည်း သီးခြားပြဋ္ဌာန်းပြီးပြီ။ ဒါကြောင့် သတင်းသမားတွေကို Official Secret Act နဲ့ မစွဲသင့်ဘူးလို့ Turn Down လုပ်လိုက်တာ ရှိတယ်။ အဲဒီတော့ ရှိတဲ့ Constitution အရ အသုံးချမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ တင်ပြခွင့်တို့ Right to Information ဆိုတဲ့သဘော ရှိပြီးသားပဲ။ အခြေခံဥပဒေကြီးကို ဆန့်ကျင်ပြီးတော့ ကိစ္စတခုလုပ်လိုက်ရင် အဲဒီကိစ္စက အလိုလို ပျက်ပြယ်တယ်ဆိုတာ ရှိပါတယ်။ ဥပမာ ဥပဒေတခုကိုတောင်မှ အခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေ၊ တားမြစ်ချက်တွေကို ဖောက်ဖျက်ပြီး ဥပဒေအသစ်တခုလုပ်တယ်။ အဲဒီဥပဒေကြီးကိုယ်တိုင်က အာလ်ထရာ ဗေးရပ်စ် ဖြစ်သွားတာ ရှိပါတယ်။ Official Secret Act ဆိုတာကိုက ၂၀၀၈ Constitution နဲ့ ပြောမယ်ဆိုရင်လည်း Constitution မှာပါတဲ့ Citizen Right ကို ချိုးဖျက်ဖို့ ဖြစ်နေတယ်။ အဲဒါကြောင့် အာလ်ထရာ ဗေးရပ်စ် ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024