မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းလာ
DVB
·
May 2, 2018
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ကျဆင်းလာနေတယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က ကောက်ထားတဲ့ ဒီစစ်တမ်းအရသိရပါတယ်။
မြန်မာသတင်းထောက် ၂၀၀ ကို မေးမြန်း စစ်တမ်းကောက်ယူထုတ်ပြန်လိုက်တာဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုမှာ အစိုးရက ၃၂ ရာခိုင်နှုန်းရှိပြီး ဥပဒေရဲ့ ခြိမ်းခြောက်မှု ကလည်း ၃၂ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။
သတင်းထောက်တွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ခံရတဲ့ အခြေအနေကလည်း မနှစ်က ထက်စာရင် ၅၁ ရာခိုင်နှုန်းက တိုးလာတယ်လို့ သတင်းသမားတွေက ဖြေကြားခဲ့ကြပြီး ၄၃ ရာခိုင်နှုန်းကတော့ အတူတူဘဲလို့ ဖြေကြားခဲ့ကြပါတယ်။
မြန်မာသတင်းမီဒီယာကောင်စီရဲ့ အောင်မြင်မှုအခြေအနေနဲ့ပတ်သက်ပြီးလည်း ၆၀ ရာခိုင်နှုန်းက အောင်မြင်မှုနည်းပါးတယ်လို့ ဖော်ပြထားပါတယ်။
ဒီစစ်တမ်းဟာ မြန်မာနိုင်ငံအနှံ့က အကြီးတန်းသတင်းထောက်၊ အငယ်တန်း သတင်းထောက်၊ အယ်ဒီတာ တွေကို တွေ့ဆုံမေးမြန်းထားတဲ့ စစ်တမ်းဖြစ်ပါတယ်။
ပြင်သစ်အခြေစိုက် နယ်ခြားမဲ့သတင်းသမားများအဖွဲ့ RSFက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့်ညွန်းကိန်းမှာလည်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လတ်ခွင့်ဟာ ၂၀၁၇ ခုနှစ်ကထက် အဆင့် ၆ ဆင့် ကျဆင်းသွားပြီးအဆင့် ၁၃၇ မှာ ရပ်တည်နေပါတယ်။