Home
မြန်မာသတင်း
မောတောင်ဒေသကို မြို့ပုံစံနဲ့ကိုက်ညီအောင် စီမံကိန်းရေးဆွဲဆောင်ရွက်မည်
DVB
·
May 1, 2018
မြန်မာ-ထိုင်း နယ်စပ်တခုဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မောတောင်ဒေသကို မြို့တစ်မြို့နဲ့ပုံစံနဲ့ကိုက်ညီအောင် တိုင်းဒေသကြီးအစိုးရက Master Plan စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်သွားမယ်လို့  ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။ မောတောင်ဒေသကို မြို့အဖြစ် သတ်မှတ် ဆောင်ရွက်ပေးထားပေမယ့် လမ်း၊ အဆောက်အအုံ၊ ဇုန်တွေဟာ စနစ်တကျ မရှိတဲ့အတွက် လက်ရှိမြို့ပုံစံ ဆောင်ရွက်ထားချက်တွေဟာ အလွဲများစွာဖြစ်နေပြီး အံဝင်ခွင်ကျဖြစ်အောင်  ပြန်လည်သုံးသပ် လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ မောတောင်ဒေသကို ဧပြီ ၃၀ ရက်က ရောက်ရှိလာတဲ့ ဝန်ကြီးချုပ်အနေနဲ့ ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိ အစိုးရသက်တမ်းအတွင်း အပြီးသတ် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ “ကျမတို့အစိုးရ တာဝန်ယူရနေတဲ့အချိန်က ၂ နှစ်ကျော်လောက်ပဲ ကျန်ပါတယ်။ မာစတာပလန်ကို ကျမတို့ သေချာလုပ်ပေးသွားပါ့မယ်။ မောတောင်ဒေသ ရေရှည်တိုးတက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်ချက်ချထားတာကို လွှတ်တော်ကို တင်ပြသွားမယ်။ ဒါပြီးရင် ဆောင်ရွက်လို့ ရပါတယ်။ ဒီမှာ အဆောက်အအုံတွေ၊ ဌာနတွေလုပ်တာ အံဝင်ခွင်ကျ မရှိပါဘူး။ ဒါကို ကျမတို့ ပြန်စစ်မယ်။ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်ပေးမယ့် လုပ်အားတွေလည်း လိုပါတယ်”လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မောတောင်ဒေသမှာ တဖက်ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေး အမြဲတမ်းဂိတ်ဖွင့်ထားပေမယ့် ထိုင်းနိုင်ငံဘက်က စင်းခွန်ဂိတ်ကို အထူးယာယီအဖြစ်ပဲ သတ်မှတ်ထားတဲ့အတွက် မြန်မာဘက်မှာ ဖွံ့ဖြိုးမှု နောက်ကျနေပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024