တိုက်ပွဲကြားက ပြည်သူတွေမလွတ်မြောက်မချင်း သပိတ်စခန်းဖွင့်ဆန္ဒပြမည်
DVB
·
May 1, 2018
တပ်မတော်နဲ့ ကေအိုင်အေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ တနိုင်းနဲ့ အင်ဂျန်းယန် မြို့နယ်က ရွာသားတွေကို အစိုးရက မကယ်ထုတ်ပေးသရွေ့ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆက်လက်ဆန္ဒပြသွားမယ်လို့ ကချင်လူငယ်ထုသပိတ်စခန်း ဦးဆောင်ကော်မတီက မနောကွင်းမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာပါတယ်။
ဦးဆောင်ကော်မတီ တာဝန်ခံ ဦးလွမ်းဇောင်းက “ပိတ်မိနေတဲ့ ပြည်သူတွေ မလွတ်မြောက်မချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရကို အကူအညီ တောင်းခံ တဲ့ လှုပ်ရှားမှုတွေကို ငြိမ်းချမ်းစွာ ဆက်လက်လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကချင်လူငယ် ၃၀၀ ကျော်ပါဝင်တဲ့ သပိတ်စခန်းကို မနောကွင်းမှာ ဆက်လက်ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာကို ငြိမ်းစုစီဥပဒေအရ တင်ပြထားတဲ့ နေရာတော့ မဟုတ်ကြောင်း ဦးဆောင်ကော်မတီမှ သိရပါတယ်။
ဦးဆောင်ကော်မတီက သပိတ်စခန်းဖွင့်ဖို့ သက်ဆိုင်ရာထံတင်ပြထားတဲ့နေရာကတော့ ဆွမ်ဘရာဘွမ်လမ်းက အထက ၈ ကျောင်းရှေ့မှာဖြစ်ပြီး ခွင့်ပြုချက်ရပြီးမှ ဧပြီ ၃၀ ရက် ညနေမှာ အာဏာပိုင်တွေရဲ့ ကန့်ကွက်မှုကြောင့် မနောကွင်းကို ရွှေ့ခဲ့ကြရပါတယ်။
ကော်မတီကတော့ ကနဦးနေရာမှာ သပိတ်စခန်းပြန်ဖွင့်နိုင်ဖို့ အတွက် စာတင်ထားတယ်လို့ သိရပါတယ်။ တာဝန်ခံ တဦးဖြစ်တဲ့ ဆွတ်ဆိုင်းထွယ်က “မေလ ၃ ရက်နေ့မှာ ခွင့်ပြုချက်မပေးရင်လည်း ကျမတို့ ဆက်လုပ်သွားမယ်”လို့ ပြောပါတယ်။
ကချင်လူငယ်ထု သပိတ်စခန်းဦးဆောင်ကော်မတီအနေနဲ့ သပိတ်စခန်းကို ၁၄ ရက်ကြာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ တိုက်ပွဲကြားက ပြည်သူတွေကို ကယ်ထုတ်ပေးဖို့နဲ့ စစ်ပွဲ ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကို မနေ့ကလည်း မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
သတင်း - ရဲမွန်